ရခိုင်ပြည်နယ်တွင်သာမက တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၌ COVID-19 ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် Videoconferencing စနစ်ဖြင့် အစည်းအဝေးပြုလုပ် (1-9-2020)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၉) နာရီတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်တွင်သာမက တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၌ COVID-19 ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ရှိသူများ ဆွေးနွေးပွဲသို့ ရုံးအမှတ် (၄)၊ နေပြည်တော်မှ တက်ရောက် ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• လက်ရှိတွင် COVID-19 သည် အချိန်တိုအတွင်း လျင်မြန်စွာကူးစက်ပြန့်ပွားလျက်ရှိရာ မိမိတို့အနေဖြင့် အဆိုးဆုံးသော အခြေအနေ (worst case scenario) ကို မျှော်မှန်းကာ ရရှိသော အရင်းအမြစ်များကို အကျိုးရှိထိရောက်စွာ အသုံးချပြီး တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယခုအခြေအနေမှာ အရေးကြီးသည့် လမ်းဆုံလမ်းခွအခြေအနေတစ်ခုသို့ ရောက်ရှိနေသဖြင့် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်မှသာ ဤကပ်ရောဂါကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊

• ယခုကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာတွင် မိမိတို့သည် ကျန်းမာရေးကဏ္ဍရှုထောင့် တစ်မျိုးတည်းမှ မကြည့်ဘဲ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးစသည့် ရှုထောင့်အသီးသီးတို့ကိုပါ ထည့်သွင်းစဉ်းစားကာ ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ကပ်ရောဂါထိန်းချုပ်မှုနှင့် ပတ်သက်၍ မိမိတို့ ဝန်ကြီးဌာနသည် ဗဟိုကော်မတီမှချမှတ်လမ်းညွှန်ထားသော လုပ်သင့်လုပ်ထိုက်သည့်အချက်များအား ဆောင်ရွက်လျက်ရှိပြီး ပါဝင်ဆောင်ရွက်နေသူများအားလုံးအား အသိအမှတ်ပြုပါကြောင်း၊

• လက်တွေ့မြေပြင်အခြေအနေ၌ ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ပီပြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် လူမှုရေးဝန်ကြီးများ၏ ဦးဆောင်မှုနှင့် ပံ့ပိုးမှုသည် မရှိမဖြစ်အရေးကြီးသည် ဆိုသည့်အချက်ကို သတိပြုရမည်ဖြစ်ပါကြောင်း၊

 

• ယခုရောက်ရှိနေသော ကပ်ရောဂါ၏ အခြေအနေနှင့် အဆင့်တွင် COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများအားလုံးအား အမြန်ဆုံးရှာဖွေဖော်ထုတ်ခြင်းသည် အဓိကအကျဆုံးနှင့် အရေးအကြီးဆုံးနည်းဗျူဟာ ဖြစ်ပါကြောင်း၊

• ရခိုင်ပြည်နယ်မှ အခြားနေရာဒေသများသို့ ခရီးသွားလာခဲ့သူတစ်ဦးချင်းအား ဝန်ကြီးဌာနမှ ဆရာဝန်များက တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ကျန်းမာရေးစစ်ဆေးမှုနှင့် အသွားအလာ ကန့်သတ်မှုခံယူရန် အကြောင်းကြားလျက်ရှိသဖြင့် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊

• ရခိုင်ပြည်နယ်ရှိ ယာယီစခန်းများ၊ ပြန်လည်လက်ခံရေးစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် ရောဂါဖြစ်ပွားမှု မရှိစေရန် အတွက် ကာကွယ်ရေးလုပ်ငန်များနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲအနေဖြင့် လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် COVID-19 ပျံ့နှံ့မှု အရှိန်အဟုန်နှင့် ပျံ့နှံ့မှုလားရာတို့ကို အသေးစိတ်သုံးသပ်လျက်ရှိပါကြောင်း၊

• ဤဌာနခွဲ အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ကူးစက်ရောဂါတိုက်ဖျက်ရေး တာဝန်ရှိသူများနှင့် နေ့စဉ်ချိတ်ဆက် ဆွေးနွေးတိုင်ပင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ တွေ့ရှိရသော သတင်း အချက်များကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာသုံးသပ်ရမည်ဖြစ်ပါကြောင်း၊ တွေ့ရှိချက်များနှင့် ပံ့ပိုးဆောင်ရွက်ရမည့်အချက်များကို အချိန်နှင့် တစ်ပြေးညီ တာဝန်ရှိသူအကြီးအကဲများထံ တင်ပြရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို ချက်ချင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး ဝန်ကြီးဌာနအတိုင်းအတာနှင့် ဆောင်ရွက်နိုင်ခြင်း မရှိပါက ဗဟိုကော်မတီသို့ အချိန်နှင့်တစ်ပြေးညီတင်ပြသွားမည်ဖြစ်ပါကြောင်း၊

• COVID-19 လျင်မြန်စွာကူးစက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်သို့ ကျန်းမာရေး ဝန်ထမ်းများ၊ ဆေးနှင့်ဆေးပစ္စည်းများနှင့် စက်ကိရိယာများအား အထူးလေယာဉ်များဖြင့် ဆက်တိုက် ပို့ဆောင် လျက်ရှိပါကြောင်း၊

• ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိသူများကို ဖော်ထုတ်နိုင်ရန်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအား ထပ်မံတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• လက်ရှိရေးဆွဲထားသည် လုပ်ငန်းလမ်းညွှန်များနှင့် စံလုပ်ထုံးလုပ်နည်းများကိုလည်း COVID-19 ရောဂါနှင့် ပတ်သက်၍ ထပ်မံတွေ့ရှိချက်အသစ်များ၊ ကူးစက်ပျံ့နှံ့ပုံစံများ၊ ပြောင်းလဲလျက်ရှိသော ရောဂါလက္ခဏာများစသည်တို့ကို ထည့်သွင်းစဉ်းစားပြီး မွမ်းမံရေးဆွဲကာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊

 

• အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမည့်ကာလ၊ COVID-19 လူနာများအား ကုသမှုပေးခြင်းနှင့် ဆေးရုံဆင်းခွင့်ပေးခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန် CDC နှင့် နောက်ဆုံးပေါ် သုတေသနတွေ့ရှိချက်များအပေါ် အခြေခံပြီး သက်ဆိုင်ရာ ပညာရှင်အသီးသီးနှင့် ဆွေးနွေးတိုင်ပင်ကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီး ဖြန့်ဝေလျက်ရှိပါကြောင်း၊

• COVID-19 ဖြစ်ပွားမှုနည်းပါးသော တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆေးရုံများအနေဖြင့် COVID-19 လူနာများ များပြားလာနိုင်သည်ဟူသော ခံယူချက်ကိုနောက်ခံထား၍ စောင့်ကြည့်လူနာ များအား စနစ်တကျ ထားရှိရေးနှင့် စီမံခန့်ခွဲရေးကိစ္စရပ်များကို ဆန်းစစ်သုံးသပ်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊

• COVID-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်မည့်ကာလ အတို၊ အရှည်သည် ပြည်သူများကိုယ်တိုင်ပူးပေါင်းပါဝင်မှုနှင့် စည်းကမ်းလိုက်နာမှုတို့အပေါ်၌ အဓိကမူတည်နေပါသဖြင့် ရပ်ကွက်၊ ကျေးရွာများ တွင် အသံချဲ့စက်များအသုံးပြုကာ ပြည်သူများအား အသိပေးနှိုးဆော်မှုများကို တိုးမြှင့် လုပ်ဆောင်ကြ ရမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

     ထို့နောက် ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် စစ်တွေမြို့သို့ရောက်ရှိနေသည့် ဗဟိုကွင်းဆင်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ ဉာဏ်ဝင်းမြင့်က -

• ရောဂါပျံ့နှံ့မှု အတိုင်းအတာနှင့် ပျံ့နှံ့မှု ပုံသဏ္ဍာန်များကို သိရှိနိုင်ရန် စစ်တွေမြို့မှ COVID-19 ကူးစက်နိုင်ချေများပြားသူများအား ကျပန်းစနစ်ဖြင့်ရွေးချယ်ကာ rapid test kit ဖြင့် ပဋိပစ္စည်းများ ရှိ၊ မရှိ စစ်ဆေးမှု အခြေအနေများနှင့် test positive တွေ့ရှိသူများအား PCR စနစ်ဖြင့် ထပ်မံစစ်ဆေး သွားမည့်အစီအစဉ်၊

• ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသည့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် ခြုံငုံသုံးသပ်ချက်များကို လည်းကောင်း၊

စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က -

• ဆေးရုံကြီး၌ COVID-19 လူနာများအား ကုသပေးနေရမှု၊ လူနာများ၏ အခြေအနေများ၊ အထူးကြပ်မတ်ကုသဆောင်နှင့် အသက်ရှူစက်များတပ်ဆင်ထားရှိမှုအခြေအနေများကို လည်းကောင်း၊

     အခြား တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများက -

• တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လူနာတွေ့ရှိမှု၊ ကုသမှုအခြေအနေများ၊ အသွားအလာကန့်သတ်မှု အခြေအနေများအားလည်းကောင်း၊

     ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက -

• ယနေ့၊ နံနက်ပိုင်းတွင် ကုသရေးပါမောက္ခများနှင့်ဆွေးနွေးတိုင်ပင်ခဲ့မှုနှင့် COVID-19 ကုသရေးဌာန (ဖောင်ကြီး) ကို လူနာများ သက်တောင့်သက်သာကုသမှုခံယူနိုင်သည့် လေအေးစက် ပါဝင်သည့်၊ အောက်ဆီဂျင်ပေးနိုင်သည့် တစ်ဦးချင်းလူနာခန်းများ၊ စက်ကိရိယာစုံလင်သည့် အထူးကြပ်မတ်ကုသဆောင်များ ကဲ့သို့ ကုသမှုပိုင်းဆိုင်ရာသာမက ကျန်းမာရေးဝန်ထမ်းများနှင့် အခြားပံ့ပိုးကူညီသူများ နေထိုင်ရေး၊ လုပ်ငန်းများ ကြီးကြပ်ရေး၊ လုံခြုံရေး၊ အင်တာနက်ဆက်သွယ်ရေး၊ ကျွေးမွေးရေးစသည်ဖြင့် ပြင်ဆင်ထားရှိမှု အခြေအနေများအား လည်းကောင်း၊

 

     အစည်းအဝေးသို့တက်ရောက်လာသည့် ဆေးပညာပါမောက္ခ/ ဌာနမှူးများနှင့် အပူပိုင်းနှင့်ကူးစက်ရောဂါပညာ ပါမောက္ခ/ ဌာနမှူးများက -

• videoconferencing စနစ်ဖြင့် ဆေးပညာရှင်များ အချင်းချင်း ပုံမှန်ဆွေးနွေးမှုများ ပြုလုပ်တိုင်ပင်ကာ COVID-19 လူနာများအား ကုသပေးနေမှုများအားလည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က -

• ဓာတ်ခွဲစစ်ဆေးမှုများကို PCR စက်များဖြင့် စစ်ဆေးခြင်းအပြင် GeneXpert စက်များဖြင့်အသုံးပြုကာ တိုးမြှင့်စစ်ဆေးနေမှု အခြေအနေများနှင့် ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ အကြံပြုချက်များကို လည်းကောင်း၊

     ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်တို့က -

• ရခိုင်ပြည်နယ်မှ အခြားနေရာဒေသများသို့ ခရီးသွားလာခဲ့သူတစ်ဦးချင်းအား ကျန်းမာရေးဝန်ထမ်းများက တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ကျန်းမာရေးစစ်ဆေးမှုနှင့် အသွားအလာကန့်သတ်မှု ခံယူရန် ပြောကြားနေမှုအခြေအနေများနှင့် ထိုသို့ဆက်သွယ်ရာတွင် အဆိုပါခရီးသည်များနှင့် ခရီးသွားဝန်ဆောင်သူ (travel agent) အချို့က တယ်လီဖုန်းမကိုင်မှု၊ ကိုင်ပြီးနောက် ဖုန်းချခြင်းနှင့် ပိတ်ထား ခြင်း များ ပြုလုပ်မှုတို့အပြင် ကောင်းမွန်စွာပြန်လည်ဖြေကြားခြင်းမရှိမှုများကိုလည်းကောင်း၊

     ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က -

• မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားမှု အခြေအနေများအား ခြုံငုံသုံးသပ်မှုများကိုလည်းကောင်း၊

သံတွဲပြည်သူ့ဆေးရုံနှင့် ကျောက်ဖြူပြည်သူ့ဆေးရုံတို့မှ ဆေးရုံအုပ်ကြီးများက -

• ဆေးရုံအလိုက် COVID-19 လူနာများအားကုသမှုပေးနေမှုများနှင့် လူနာများ၏ အခြေအနေများကို လည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။

အစည်းအဝေးတက်ရောက်လာကြသူများက -

• အထွေထွေတင်ပြမှုနှင့် ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးပြုလုပ်ပြီးနောက် ယနေ့၊ နေ့လယ်ပိုင်းတွင် တာဝန်ရှိသူများက -

• COVID-19 ရောဂါနှင့် ပတ်သက်၍ ထပ်မံတွေ့ရှိချက်အသစ်များ၊ ကူးစက်ပျံ့နှံ့ပုံစံများ၊ ပြောင်းလဲလျက်ရှိသော ရောဂါလက္ခဏာများစသည်တို့အားထည့်သွင်းစဉ်းစားကာ အသွားအလာကန့်သတ်ခြင်း၊ COVID-19 လူနာများအား ကုသမှုပေးခြင်းနှင့် ဆေးရုံဆင်းခွင့်ပေးခြင်း စသည်တို့နှင့် ပတ်သက်၍ လက်ရှိရေးဆွဲထားသည် လုပ်ငန်းလမ်းညွှန်များနှင့် စံလုပ်ထုံးလုပ်နည်းများ ကို မွမ်းမံရေးဆွဲရေးအတွက် ဆွေးနွေးမှု များပြုလုပ်ခဲ့ပါသည်။

 

More Tags