COVID-19 ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့နှင့် ရခိုင်ပြည်နယ်တွင် "မိမိဆန္ဒအလျောက်" ယာယီတာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများ စစ်တွေမြို့သို့ ထပ်မံရောက်ရှိ

(၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၇) ရက်

     ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် ညွှန်ကြားရေးမှူးအဆင့်ရှိ ကူးစက်ရောဂါဗေဒပညာရှင် ဦးဆောင်သည့် ဗဟိုကွင်းဆင်းအဖွဲ့နှင့် ပူးပေါင်းကာ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အားဖြည့်ဆောင်ရွက်မည့် "COVID-19 ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team)" နှင့်

     ရခိုင်ပြည်နယ်တွင် "မိမိဆန္ဒအလျောက်" ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်များ၊ ကျန်းမာရေးမှူး၊ သူနာပြုများ၊ ဓာတ်မှန်ပညာရှင်များ၊ ဆေးဝါးပညာရှင်နှင့် သားဖွားဆရာမများသည် ယနေ့၊ (၂၇-၈-၂၀၂၀) ရက်နေ့၊ နေ့လယ်ပိုင်းတွင် မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။

     အဆိုပါ အဖွဲ့များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ဗဟိုကွင်းဆင်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး (ကူးစက်ရောဂါတိုက်ဖျက်ရေး) ဒေါက်တာဉာဏ်ဝင်းမြင့်၊ စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်နှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်သို့သွားရောက် ကြိုဆိုခဲ့ပါသည်။

 

     အဆိုပါ "COVID-19 ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team)" နှင့် ရခိုင်ပြည်နယ်တွင် "မိမိဆန္ဒအလျောက်" ယာယီတာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများသည် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး -

• ညွှန်ကြားရေးမှူး (၁) ဦး၊
• ဒုတိယညွှန်ကြားရေးမှူး (၁) ဦး၊
• လက်ထောက်ဆရာဝန် (၆) ဦး၊
• အထက်တန်းသူနာပြု (၅) ဦး၊
• လက်ထောက်ကျန်းမာရေးမှူး (၁) ဦး၊
• ဆေးဘက်ကျွမ်းကျင် - ၂ (ဓာတ်မှန်) (၂) ဦး၊
• ဆေးဘက်ကျွမ်းကျင် - ၂ (ဆေးဝါး) (၁) ဦး၊
• သူနာပြု (၂၀) ဦးနှင့်
• သားဖွားဆရာမ (၃) ဦးတို့ ပါဝင်ပါသည်။

     အဆိုပါ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကိုလည်း ပို့ဆောင်ခဲ့ပါသည်။

 

More Tags