ဗဟိုကူးရောဂါတိုက်ဖျက်ရေးဌာနခွဲ (Central Epidemiology Unit) မှ ဗဟိုကွင်းဆင်းအဖွဲ့ ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၅) ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးရောဂါတိုက်ဖျက်ရေးဌာနခွဲ (Central Epidemiology Unit) မှ ကူးစက်ရောဂါဗေဒပညာရှင် ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့် ဦးဆောင်သည့် ဗဟိုကွင်းဆင်းအဖွဲ့သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ (၁၇-၈-၂၀၂၀) ရက်နေ့တွင် စတင်ရောက်ရှိခဲ့ကာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်၊ စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ COVID-19 ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

ဗဟိုကွင်းဆင်းအဖွဲ့သည် -

• COVID-19 ကပ်ရောါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအား ပံ့ပိုးဆောင်ရွက်ခြင်း၊

• ပြည်နယ်အစိုးရအဖွဲ့၊ နှီးနွှယ်ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ခြင်း၊

- ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊
- စစ်တွေဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ တာဝန်ရှိသူများ၊
- ဒေသရှိ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပရဟိရအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊

• ရောဂါစောင့်ကြပ်ကြည့်ရှုမှု (surveillance)၊ ဓာတ်ခွဲစစ်ဆေးမှု၊ COVID-19 လူနာနှင့် ထိတွေ့သူများအား ရှာဖွေထောက်လှမ်းမှု၊ အသွားအလာကန့်သတ်မှု၊ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ ဖြန့်ဝေမှုအပါအဝင် ထောက်ပံ့ပို့ဆောင်မှုစသည့် လုပ်ငန်းများတွင် ဗဟိုအဆင့်၊ ပြည်နယ်နှင့် မြို့နယ်တို့အကြား ချိတ်ဆက်ဆောင်ရွက်ခြင်း၊

• လတ်တလောလိုအပ်ချက်နှင့် ရေရှည်တွင် လိုအပ်မည်များအား မျှော်မှန်းတွက်ချက်ခြင်း၊

• ဗဟိုအဆင့်မှ တာဝန်ရှိသူများနှင့် အချိန်နှင့် တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်ခြင်း၊

• ကပ်ရောဂါဗေဒသတင်းအချက်အလက်များကို တစ်ဆင့်ရယူစုဆောင်းခြင်းနှင့် ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန၊ ရပ်ကွက်၊ ဈေး၊ အသွားအလာ ကန့်သတ်ထားရှိရာနေရာများ၊ ယာယီစခန်း (IDP camp) များသို့ သွားရောက်ကာ ကွင်းဆင်းကြည့်ရှုခြင်းနှင့် သတင်းအချက်အလက်စုဆောင်ခြင်း၊

• ကူးစက်ပြန့်ပွားမှုနှင့် ကပ်ရောဂါဗေဒ သတင်းအချက်အလက်များကို ဆန်းစစ်သုံးသပ်ကာ ရခိုင်ပြည်နယ်တွင် ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေနှင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို တွက်ဆခြင်း၊

• ရရှိသော သတင်းအချက်အလက်နှင့် သုံးသပ်အကြံပြုချက်များအား ဗဟိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ နေ့စဉ်ဖြန့်ဝေခြင်း နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပညာရပ် အကြံပြုချက်များပေးအပ်ခြင်း၊

• ဒေသခံအာဏာပိုင်များအား ကျွမ်းကျင်မှုပိုင်းဆိုင်ရာပညာရပ် အကြံပြုချက်များပေးအပ်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါသည်။

 

More Tags