COVID-19 လူနာများအားကုသရန်အတွက် သွေးရည်ကြည်များလှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်ဂုဏ်ပြု

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန တွင် ပြုလုပ်ခဲ့သော "COVID-19 လူနာများအားကုသရန်အတွက် သွေးရည်ကြည်များလှူဒါန်းခဲ့သည့် COVID-19 မှ ပြန်လည်သက်သာကောင်းမွန်သွားသူများအား ဂုဏ်ပြုပွဲ" သို့ တက်ရောက်ခဲ့ပါသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားရာတွင် -

• မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားမှုကို ယခုနှစ် မတ်လတွင် စတင်တွေ့ရှိရခဲ့ပြီး ရောဂါသစ်ဖြစ်သည့် COVID-19 ကို ကုသရန် သီးသန့်ကုထုံးမရှိသဖြင့် လူနာများအား အကောင်းဆုံးကုသမှု ပေးနိုင်ရေးအတွက် ပါမောက္ခများဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ပါကြောင်း၊

• ပါမောက္ခများက ကမ္ဘာ့နိုင်ငံများတွင် COVID-19 ကုသမှုများနှင့် သက်သာပျောက်ကင်းမှုအခြေအနေများကို လေ့လာခဲ့ပြီး မိမိထံသို့ တင်ပြလာခဲ့ပါကြောင်း၊

• မိမိတို့နိုင်ငံတွင် COVID-19 ကို ကုသမှုပိုမိုထိရောက်စေရန်နှင့် ရောဂါကြောင့် သေဆုံးမှု နည်းပါးစေရေးအတွက် သွေးရောဂါပါမောက္ခ ဒေါက်တာရဲမြ ဦးဆောင်ပြီး ပါမောက္ခများပါဝင်သော အဖွဲ့အနေဖြင့် ကုသမှုသုတေသနပုံစံဖြင့် ဆောင်ရွက်ရန် "ပြန်လည်သက်သာကောင်းမွန်သွားသော COVID-19 လူနာ၏ သွေးရည်ကြည်ဖြင့် COVID-19 ပိုးတွေ့လူနာများအား စမ်းသပ်ကုသနိုင်ရေးအတွက် Ad hoc အကြံပေးအဖွဲ့" ကို (၁၆-၄-၂၀၂၀) ရက်နေ့တွင် မိမိမှ ဖွဲ့စည်းပေးခဲ့ပါကြောင်း၊

 

• ယခုအချိန်အထိ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ရောဂါပြင်းထန် သော COVID-19 လူနာ (၈) ဦးကို အဆိုပါသွေးရည်ကြည်သွင်းကုသမှုဖြင့် အောင်မြင်စွာ ကုသမှုပေးနိုင်ခဲ့ပါကြောင်း၊

• ထိုသို့ကုသမှုပေးနိုင်ရေး၊ လူနာများ၏ အသက်ကယ်တင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ခဲ့သော ဆေးပညာရှင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• "COVID-19 မှ ပြန်လည်သက်သာကောင်းမွန်ခဲ့သူများ" ၏ သွေးရည်ကြည်တွင် COVID-19 ကို တိုက်ဖျက်နိုင်သော ပဋိပစ္စည်း (antibody) များ ပါဝင်ပြီး COVID-19 လူနာများအား အဆိုပါသွေးရည်ကြည်ဖြင့်ကုသခြင်းဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ ကိုယ်တိုင် COVID-19 ရောဂါကိုဖြစ်ပွားခံစားခဲ့ရပြီး ပြန်လည်သက်သာခဲ့သူများအနေဖြင့် ကိုယ်ချင်းစာစိတ်ပြည့်ဝစွာ၊ စေတနာပြည့်ဝစွာဖြင့် သွေးရည်ကြည်ကိုလှူဒါန်းခဲ့သည့်အပေါ် မိမိအနေဖြင့် ကျေးဇူးတင်ရှိ ဂုဏ်ယူလေးစားပါကြောင်း၊

• ထိုသို့ကုသမှုများ အပြင် ဆေးသုတေသနဦးစီးဌာနအနေဖြင့်လည်း COVID-19 ကိုဖြစ်ပွားစေသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံး (whole genome sequences) ကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊

• လက်ရှိ၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပျံ့နှံ့နေသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကိုလည်း စစ်ဆေးရန် လုပ်ဆောင်လျက်ရှိပါကြောင်း၊

• Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအားလုံးနှင့်ပူပေါင်း၍ ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားနေမှုကို အမြန်ဆုံးထိန်းချူပ်နိုင်ရန်နှင့် အခြားဒေသများသို့ ပြန့်ပွားခြင်းမရှိစေရန် အချိန်နှင့်တစ်ပြေးညီ အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊

• COVID-19 ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ရာတွင် ပုံသေဆောင်ရွက်၍မရဘဲ ပြောင်းလဲလာသော ကမ္ဘာ့နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် မိမိတို့နိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့မှု ပုံသဏ္ဍာန်၊ ရောဂါပိုး၏ ပြုမှုပုံသဘောသဘာဝ၊ တွေ့ရှိချက်အသစ်များနှင့် မိမိတို့တွင်ရှိသော အရင်းအမြစ်များအားလုံးတို့ကို ချိန်ထိုးစဉ်းစားကာ နည်းဗျူဟာများချမှတ် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများတွင် ဝိုင်းဝန်းဆောင်ရွက်နေသူ တစ်ဦးချင်း အားကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက်" ပြန်လည်သက်သာကောင်းမွန်သွားသော COVID-19 လူနာ၏ သွေးရည်ကြည်ဖြင့် COVID-19 ပိုးတွေ့လူနာများအား စမ်းသပ်ကုသနိုင်ရေးအတွက် Ad hoc အကြံပေးအဖွဲ့"၏ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြက -

• COVID-19 သက်သာပျောက်ကင်းသွားသူများထံမှ သွေးရည်ကြည်ဖြင့်ကုသမှုပေးရန်အတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့်ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် နိုင်ငံတကာတွင် ကုသမှုပေးနေပုံများကို အမြဲလေ့လာနေပြီး ကုသမှုဆောင်ရွက်ရာတွင် "ဆေးပညာကျင့်ဝတ်" များနှင့် အညီဖြစ်စေရေး အလေးထားဆောင်ရွက်ရပါကြောင်း၊

• COVID-19 ကို တိုက်ဖျက်နိုင်သော ပဋိပစ္စည်း (Neutralizing antibody) များသည် ရောဂါလက္ခဏာပြင်းထန်ခဲ့သည့် လူနာများ၏သွေးရည်ကြည်တွင်သာ ပမာဏလုံလောက်စွာ ပါဝင်နိုင်သဖြင့် အဆိုပါလူနာဟောင်းများထံမှ သွေးရည်ကြည်များကို အလှူခံရယူခဲ့ပါကြောင်း၊

• ယခုအချိန်အထိ အဆိုပါ သွေးရည်ကြည်ကုထုံးဖြင့် ရောဂါပြင်းထန်ခဲ့ပြီး အသက်အန္တရာယ်ရှိနိုင်သည့် COVID-19 လူနာ (၈) ဦးအား အောင်မြင်စွာကုသမှုပေးနိုင်ခဲ့ပါကြောင်း၊

• အဆိုပါလူနာ (၈) ဦးတွင် အသက်အရွယ်ကြီးသူများ၊ သွေးတိုး၊ ဆီးချိုရောဂါအခံရှိသူများ၊ ကိုယ်အင်္ဂါအစားထိုးထားသူများ၊ ကိုယ်အင်္ဂါလှူဒါန်းထားသူများနှင့် လမစေ့သေးသည့် ကိုယ်ဝန်ဆောင်တို့ပါဝင်ပါကြောင်း၊

• ထိုကိုယ်ဝန်ဆောင်လူနာကို လမစေ့သေးသော်လည်း ရောဂါသက်သာလာချိန်တွင် ခွဲစိတ်မွေးဖွားမှုပြုလုပ်ခဲ့ရပြီး နောက်တစ်လအကြာ ရက်ချိန်းပြန်လာပြသရာတွင် မိခင်ရော၊ ကလေးပါကျန်းမာကြောင်းကိုလည်း အလှူရှင်များ ဝမ်းမြောက်စေရန် ပြောကြားလိုပါကြောင်း၊

• ထိုသို့လူနာများကို ကုသမှုပေးရာတွင် ဆေးပညာဘာသာရပ်အသီးသီးမှ ပညာရှင်ကြီးများအားလုံး စုစည်းဝိုင်းဝန်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊

• သွေးရည်ကြည်တွင် ပဋိပစ္စည်းပါဝင်မှုအခြေအနေကို တိုင်းတာနိုင်သည့် စက်နှင့် သွေးရည်ကြည်နှင့် သွေးနီဥသီးခြားခွဲထုတ်ရယူနိုင်သည့်စက်များ လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးထံ တင်ပြခဲ့ရာ ဖြည့်ဆည်းပေးခဲ့သဖြင့် ယခုအခါပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• မွန်မြတ်သောစေတနာများဖြင့် သွေးရည်ကြည်များလှူဒါန်းခဲ့သူများအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် ပါမောက္ခဒေါက်တာရဲမြတို့က သွေးရည်ကြည်များ လှူဒါန်းခဲ့သူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

 

     ဆက်လက်၍ သွေးရည်ကြည်အလှူရှင်များ၏ ကိုယ်စား ဦးပြည့်စုံအောင်နှင့် ဒေါက်တာမြင့်မြင့်စိန်တို့က ပီတိဝမ်းမြောက်စကား ပြောကြားရာတွင် -

• မိမိတို့ကိုယ်တိုင် COVID-19 ရောဂါဖြစ်ပွားခံစားခဲ့ရသူများဖြစ်သဖြင့် ကိုယ်ချင်းစာနာစိတ်ဖြင့် ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်ပါကြောင်း၊

• ထိုသို့ COVID-19 ရောဂါခံစားရချိန်၊ အသက်ဘေးအန္တရာယ်ရှိနိုင်ချိန်တွင် ကိုယ်ပိုင်းဆိုင်ရာ ဝေဒနာကိုသာမက စိတ်အားငယ်မှုများလည်း ကြုံတွေ့ခဲ့ရပါကြောင်း၊

• ထိုသို့ရောဂါဖြစ်ပွားချိန်တွင် ပစ်ပယ်မထားဘဲ ဓာတ်ခွဲစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်းနှင့် သက်သာပျောက်ကင်းပြီးနောက် အသွားအလာကန့်သတ်ခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်အစိုးရ၊ ဦးဆောင်လမ်းညွှန်မှုပေးသည့် ပြည်ထောင်စုဝန်ကြီး၊ ကုသမှုပေးသည့် ပါမောက္ခကြီးများ၊ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများ၊ ဓာတ်ခွဲပညာရှင်များနှင့် အသွားအလာကန့်သတ်ရာတွင် ပံ့ပိုးဆောင်ရွက်ပေးသူများ တစ်ဦးမကျန်အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးသုတေသနဦးစီးဌာနရှိ အဆင့်မြင့်မော်လီကျူးသုတေသနဌာန (Advanced Molecular Research Center) သို့ သွားရောက်ကာ မော်လီကျူးနည်းပညာအသုံးချဌာနခွဲနှင့် ဇီဝနည်းပညာအချက်အလက်နည်းပညာဌာနခွဲတို့မှ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများနှင့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏မျိုးဗီဇတစ်ခုလုံးကို လေ့လာမှု ပြုလုပ်နေသည်များကို လှည့်လည်ကြည့်ရှုခဲ့ရာ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်း ပြသခဲ့ပါသည်။

More Tags