ဆေးသုတေသနဦးစီးဌာနမှ "မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏မျိုးဗီဇတစ်ခုလုံးကို လေ့လာသော သုတေသန" ဆောင်ရွက်ခဲ့မှုနှင့် ကာကွယ်ဆေးသုတေသနလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၃) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဩဂုတ်လ (၂၂) ရက်နေ့၊ ညနေပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်သို့သွားရောက်ခဲ့ပြီး ဆေးသုတေသနဦးစီးဌာနမှ "မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏မျိုးဗီဇတစ်ခုလုံးကို လေ့လာသောသုတေသန" ဆောင်ရွက်ခဲ့မှုနှင့် ကာကွယ်ဆေးသုတေသနလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှု အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

     ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန၊ ကာကွယ်ဆေးသုတေသနဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမော်ထွန်းက -

• ဆေးသုတေသနဦးစီးဌာန တွင် (၁၉၉၀) ခုနှစ်၌ သွေးရည်ကြည်မှထုတ်လုပ်သော အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး (၁၉၉၇) ခုနှစ်တွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့မှု၊

• (၂၀၀၁-၂၀၀၂) ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ CJ ကုမ္ပဏီ၊ ကာကွယ်ဆေးစက်ရုံနှင့်ပူးပေါင်း၍ Recombinant Hepatitis B Vaccine ထုတ်လုပ်ရန် ဆောင်ရွက်ခဲ့မှု၊

• လက်ရှိတွင် ကာကွယ်ဆေးနှင့်နှီးနွှယ်သော သုတေသနများဆောင်ရွက်နေမှုအခြေအနေများ၊

• ကာကွယ်ဆေးထုတ်လုပ်မည်ဆိုပါက လိုအပ်မည့် နည်းပညာ၊ အဆောက်အဦ နှင့် စက်ပစ္စည်း ကိရိယာလိုအပ်ချက်များ၊

• ကာကွယ်ဆေးထုတ်လုပ်ငန်းစဉ်တစ်ခုလုံးကို အစအဆုံးပြုလုပ်ရန် လိုအပ်ချက်များ၊

• အခြားနိုင်ငံတွင်ထုတ်လုပ်ပြီး ကာကွယ်ဆေးကို ပုလင်းသွပ်ခြင်းနှင့် ထုတ်ပိုးခြင်းများပြုလုပ်ရန် လိုအပ်ချက်များ၊

• ကုန်ကျငွေနှင့် အကျိုးသက်ရောက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

 

     ထို့နောက် ဆေးသုတေသနဦးစီးဌာန၊ ဇီဝသတင်းအချက်အလက်နည်းပညာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို လေ့လာသော သုတေသန ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ -

• ဆေးသုတေသနဦးစီးဌာနမှ သုတေသီများသည် ယခင်က ငှက်ဖျား၊ ဆေးယဉ်ပါးတီဘီနှင့် ဆေးယဉ်ပါး ဘက်တီးရီးယားများ၏ မျိုးဗီဇတစ်ခုလုံးကို စစ်ဆေးခဲ့မှု နည်းပညာနှင့် အတွေ့အကြုံများကို အခြေခံကာ မြန်မာနိုင်ငံတွင် တွေ့ရှိသည့် SARS-CoV-2 ပိုး၏ မျိုးဗီဇတစ်ခုလုံးကို စစ်ဆေးနိုင်ရန်အတွက် (၂၀၂၀) ပြည့်နှစ်၊ မေလကတည်းက ကြိုးစား ဆောင်ရွက် ခဲ့မှု၊

• နိုင်ငံတကာတွင် လေကြောင်းလိုင်းအကန့်အသတ် များကြောင့် ဓာတ်ခွဲပစ္စည်းများရရှိမှု နှောင့်နှေးခဲ့မှု၊

• ဓာတ်ခွဲပစ္စည်းများရရှိသည်နှင့် ချက်ချင်း ဆောင်ရွက်လေ့လာခဲ့ရာ ယခုလဒုတိယပတ်တွင် စစ်ဆေးပြီးစီးခဲ့မှု၊

• SARS-CoV-2 ၏ မျိုးဗီဇတစ်ခုလုံး (whole genome sequences) ကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ကာ နိုင်ငံတကာအသိအမှတ်ပြု (US NCBI/NIH) database တွင် တင်သွင်းပြီး အတည်ပြုစိစစ်မှုခံယူခဲ့မှု၊

• ဓာတ်ခွဲစစ်ဆေးသည့် နမူနာ (၁၀) ခုအနက် (၆) ခုတွင် D614G ဗီဇပြောင်းလဲမှုကို တွေ့ရှိရမှု၊

• ထိုသို့ပြောင်းလဲမှုကြောင့် ရောဂါကူးစက်စေနိုင်မှု ဆယ်ဆအထိ ပိုမိုများပြားစေနိုင်မှု၊

• ယခုလက်ရှိတွင် COVID-19 ကူးစက်မှုမြင့်မားနေသည့် အိန္ဒိယနိုင်ငံနှင့် COVID-19 ကူးစက်မှု ဒုတိယလှိုင်းဖြစ်ပေါ်နေသည့် နိုင်ငံများတွင်လည်း G614 ဗီဇပြောင်းလဲသည့် ပိုးများတွေ့ရှိနေရမှု၊

 

• ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ကောက်ယူထားသည့် ပိုးတွေ့ဓာတ်ခွဲနမူနာများကို အခြား ဓာတ်ခွဲနမူနာများနှင့်အတူ Next Generation Sequencing (NGS) ဖြင့် မျိုးဗီဇတစ်ခုလုံးကို ထပ်မံ စစ်ဆေးသွားရန်ဆောင်ရွက်နေမှု၊

• ဗီဇပြောင်းမျိုးဗီဇကို အမြန်စစ်ဆေး နိုင်မည့် ဗီဇစစ်ဆေးနည်း (Sanger Sequencing) ကို စတင်ဆောင်ရွက်ကာ "မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုးကို မော်လီကျူး နည်းပညာဖြင့် စောင့်ကြည့်လေ့လာခြင်း" (Molecular Surveillance on SARS-CoV-2 in Myanmar) ကို အကောင်အထည်ဖော် ဆောင်ရွက်သွားလိုမှု တို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

     ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက -

• ယခုကဲ့သို့ နည်းပညာမြင့်မားသည့် မျိုးဗီဇတစ်ခုလုံး (whole genome sequences) စစ်ဆေးခြင်းကို နိုင်ငံတကာအဆင့်မီ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊

• COVID-19 ကို ဖြစ်ပွားစေသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို စစ်ဆေးနိုင်သည့်အတွက် ရောဂါကူးစက်ပျံ့နှံ့မှုပုံသဏ္ဍာန်၊ အခြားနိုင်ငံများတွင် ဖြစ်ပွားသည့်ရောဂါပိုးနှင့် တူညီမှု ရှိ၊ မရှိ နှင့် ရောဂါပြင်းထန်စေနိုင်မှုပမာဏတို့ကိုသိရှိနိုင်ကာ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများအတွက် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊

• ဗီဇပြောင်းမျိုးဗီဇကို အမြန်စစ်ဆေး နိုင်မည့် ဗီဇစစ်ဆေးနည်း (Sanger Sequencing) ကို စတင် ဆောင်ရွက်မည်မှာ ကောင်းမွန်ပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာနအနေဖြင့် နိုင်ငံတကာသုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သုတေသန (multicentric research) များ ဆက်လက်လုပ်ဆောင်သွားစေလိုပါကြောင်း၊

 

• မိမိတို့နိုင်ငံတွင် နှစ်စဉ်ကာကွယ်ဆေးအမြောက်အများ ဝယ်ယူအသုံးပြုနေရပါကြောင်း၊

• ထိုသို့ဝယ်ယူရာတွင် ယခုအခါ၌ Gavi, the vaccine alliance အဖွဲ့မှ ပံ့ပိုးမှုများရှိနေသော်လည်း အဆိုပါ အထောက်အပံ့များမရှိတော့ပါက ကုန်ကျစရိတ်များစွာ သုံးစွဲရမည်ဖြစ်သဖြင့် ကာကွယ်ဆေးအမျိုးမျိုးကို မိမိတို့နိုင်ငံတွင် ကိုယ်တိုင်ထုတ်လုပ်ခြင်း (သို့မဟုတ်) အခြားနိုင်ငံတွင်ထုတ်လုပ်ပြီး ကာကွယ်ဆေးကို ပုလင်းသွပ်ခြင်းနှင့် ထုတ်ပိုးခြင်းများလုပ်ဆောင်နိုင်ပါက ကုန်ကျစရိတ်များစွာသက်သာကာ ဘဏ္ဍာငွေ များကို အခြားကဏ္ဍများတွင် ပိုမိုသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊

• နိုင်ငံတကာတွင်ပြုလုပ်သော ကာကွယ်ဆေးနှင့်ပတ်သက်သော အတတ်ပညာရပ် ဆွေးနွေးပွဲများ၊ သင်တန်းများသို့ ဆေးသုတေသနဦးစီးဌာနမှ ပညာရှင်များအား ဦးစားပေးစေလွှတ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက်တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

More Tags