ရခိုင်ပြည်နယ်တွင် လျင်မြန်စွာ ကူးစက်ဖြစ်ပွားနေသော COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆွေးနွေးပြီး အရေးပေါ်အခြေအနေ အမျိုးမျိုးအတွက် ဆေးရုံများ၌ ဘက်စုံအသင့် ပြင်ဆင်ထားရှိနိုင်ရေးနှင့် စနစ်တကျ တုံ့ပြန်ဆောင်ရွက်နိုင်ရေး စားပွဲဝိုင်းလေ့ကျင့်ခန်းပြုလုပ်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၂) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် လျင်မြန်စွာ ကူးစက်ဖြစ်ပွားနေသော COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် Videoconferencing စနစ်ဖြင့် ဆွေးနွေးခဲ့ပြီး ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၌ ပြုလုပ်ခဲ့သော အရေးပေါ် အခြေအနေအမျိုးမျိုးအတွက် ဆေးရုံများ၌ ဘက်စုံအသင့်ပြင်ဆင်ထားရှိနိုင်ရေးနှင့် စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရေး စားပွဲဝိုင်းလေ့ကျင့်ခန်း (Table-Top Exercise) သို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုသည် မြန်ဆန်လျက်ရှိပြီး (၁၆-၈-၂၀၂၀) ရက်မှ (၂၁-၈-၂၀၂၀) ရက်အထိ (၅) ရက်တာ ကာလအတွင်း၌ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦးတွေ့ရှိခဲ့ပြီး (၄၄) ဦးသည် စစ်တွေမြို့မှ ဖြစ်ပါကြောင်း၊

• ယခု စစ်တွေမြို့၌ ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇ ပြောင်းလဲနေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို စစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ရခိုင်ပြည်နယ်ပြည် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးတို့နှင့် အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ကာ ရခိုင်ပြည်နယ်တွင် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အခြားနေရာဒေသများသို့ ပြန်ပွားမှုထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• စစ်တွေ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ အောင်မြင်ခဲ့သည့် သူနာပြု (၅၆) ဦးအား ရခိုင်ပြည်နယ်တွင် ယမန်နေ့က ခန့်အပ်တာဝန်ချထားခဲ့ပြီး ဖြစ်ပါကြောင်း၊

• ဩဂုတ်လ (၂၃) ရက်တွင်လည်း "မိမိဆန္ဒအလျောက်" ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်းဆောင်မည့် ဒုတိယပြည်နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှူး (၁) ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃)ဦးနှင့် လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁)ဦး၊ လက်ထောက်ဆရာဝန် (၁၃)ဦးနှင့် သူနာပြုဆရာမကြီး (၃)ဦးတို့ကို ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ နှင့်အတူ အထူးလေယာဉ်ဖြင့် ထပ်မံပို့ဆောင်သွားမည် ဖြစ်ပါကြောင်း၊

• COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို စစ်တွေပြည်သူ့ဆေးရုံကြီးတွင် GeneXpert စက် (၂) လုံးဖြင့် စစ်ဆေးလျက်ရှိပြီး ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦးနှင့် အဏုဇီဝဗေဒပညာရှင် (၂) ဦးကိုလည်း အင်အားဖြည့်တင်း ယာယီတာဝန်ချထားပြီးဖြစ်၍ ဩဂုတ်လ (၂၃) ရက်တွင် သွားရောက်ကြမည်ဖြစ်ပါကြောင်း၊

• စစ်တွေပြည်သူ့ဆေးရုံကြီးတွင် လူနာထားရှိရန်နေရာများ တိုးချဲ့ခြင်းကိုလုပ်ဆောင်နေပြီး လိုအပ်ပါက ယာယီဆေးရုံများ ပြုလုပ်ရန် စီစဉ်လျက်ရှိပါကြောင်း၊

• အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ထိန်းချုပ်ရန်ခက်ခဲသော ကူးစက်ဖြစ်ပွားမှုအခြေအနေများ ဖြစ်ပွားနေသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ဖြစ်လာမည်ကို စိုးရိမ်ဖွယ်ရာရှိသဖြင့် ထိန်းချုပ်ရေး လုပ်ငန်းများကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယခုရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုများကဲ့သို့ အခြားပြည်နယ်/ တိုင်းဒေသကြီးများတွင် ဖြစ်ပွားလာပါက တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ကျန်တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများကိုလည်း ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊

• ယခုလ (၁၃) ရက်နေ့တွင် "COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းဖြစ်ပွားလာပါက စနစ်တကျတုံ့ပြန်ဆောင်ရွက်ရေး စားပွဲဝိုင်းလေ့ကျင့်ခန်း (Table-Top Exercise)" ကို ပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး ရှုထောင့်မှ ပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊

• ဆေးရုံကြီးတစ်ခုချင်းစီအလိုက် အရေးပေါ်အခြေအနေများအတွက် စားပွဲဝိုင်းလေ့ကျင့်ခန်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့မှုများရှိသော်လည်း ယနေ့ပြုလုပ်သည့် စားပွဲဝိုင်း လေ့ကျင့်ခန်းတွင် ကပ်ရောဂါများအပါအဝင် ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ပါက ဆေးရုံပိုင်းဆိုင်ရာ စနစ်တကျတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးကြရမည် ဖြစ်ပါကြောင်း၊

• ထိုသို့ဆွေးနွေးရာတွင် မိမိတို့နိုင်ငံ၏ ပကတိလက်တွေ့မြေပြင်အခြေအနေ၊ မိမိတို့တွင်ရှိသော လူ့စွမ်းအား၊ ဘဏ္ဍာငွေ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ အချိန်အတိုင်းအတာတို့နှင့် အမှန်တကယ် ကိုက်ညီသည့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အလေးထားဆွေးနွေးရမည် ဖြစ်ပါကြောင်း၊

• ထို့အပြင် ဆေးရုံတစ်ရုံသို့ COVID-19 လူနာများရောက်ရှိလာပါက - (က) ကျန်းမာရေးဝန်ထမ်းများထံ ရောဂါမကူးစက်စေရန်၊ (ခ) အခြားလူနာများ ထံရောဂါမကူးစက်စေရန်၊ (ဂ) သီးခြားထားရှိ (isolation) ကုသမှုလုပ်ဆောင်နိုင်ရန်၊ (ဃ) လူနာများအစုလိုက် အပြုံလိုက်ရောက်ရှိလာပါက စနစ်တကျ စီမံခန့်ခွဲနိုင်ရန်ရန်နှင့် (င) လိုအပ်ပါက ရောဂါကူးစက်ခြင်းမရှိသည့် နေရာများမှ ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲပညာရှင်နှင့် ကုသမှုအထောက်အကူပြု ပညာရှင်များ ပို့ဆောင်နိုင်ရန်တို့အတွက် လက်တွေ့ဆောင်ရွက်နိုင်မည်များကို ဆွေးနွေးကြရမည် ဖြစ်ပါကြောင်း၊

• စားပွဲဝိုင်းလေ့ကျင့်ခန်းတွင် ဆွေးနွေးချက်များအရ တွေ့ရှိရသော လိုအပ်ချက်များကို အမြန်ဆုံး ကြိုတင်ဖြည့်ဆည်းခြင်းနှင့် နည်းဗျူဟာများကို မွမ်းမံပြင်ဆင်ခြင်း ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊


• စားပွဲဝိုင်းလေ့ကျင့်ခန်းများကို ဆွေးနွေးရာ၌ ဖြစ်နိုင်ချေရှိသော ဖြစ်ရပ် (scenario) များကို နောက်ခံထားရမည့်အပြင် မမျှော်မှန်းနိုင်သော အခြေအနေများ ပေါ်ပေါက်လာနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားကြရမည် ဖြစ်ပါကြောင်း၊

• ဆွေးနွေးကြရာတွင် စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ ထောက်ပံ့ပို့ဆောင်မှု၊ ဆက်သွယ်ချိတ်ဆက်မှု၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ နှီးနွှယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုနှင့် အရင်းအမြစ်လိုအပ်မှုများကို လက်တွေ့မြေပြင်အခြေအနေနှင့် ကိုက်ညီစွာ ဆွေးနွေးကြစေလိုပါကြောင်း၊

• ဆေးရုံအသီးသီးအနေဖြင့် အဆောက်အဦများနေရာချထားမှုနှင့် လူနာတင်ယာဉ် ဝင်ထွက်ပေါက်များ စနစ်တကျရှိစေရေး၊ ဆေးရုံများအကြားနှင့် လူနာတင်ယာဉ်များအကြား ချိတ်ဆက် ဆောင်ရွက်မှု ကွန်ရက်ကောင်းမွန်စေရေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊

• ဆေးရုံ၏ အဆောက်အဦ၊ ဝင်ထွက်လမ်းနှင့် လူနာဆောင်များတို့ ပါဝင်သည့် နေရာပြမြေပုံများ ရေးဆွဲခြင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် အမျိုးအစားအလိုက် အခြေပြဇယားများ ရေးဆွဲခြင်းတို့ကို ပြုလုပ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဖြန့်ဝေထားရမည် ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ စားပွဲဝိုင်းလေ့ကျင့်ခန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပြုလုပ်သွားမည်ဖြစ်ပြီး တွေ့ရှိရသည့် အားနည်းချက်များ၊ လိုအပ်ချက်များကို ရရှိသည့် အရင်းအမြစ်နှင့် ကိုက်ညီစွာ ဖြည့်ဆည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• ဤ COVID-19 ကပ်ရောဂါသာမက အခြားကပ်ရောဂါအမျိုးမျိုးနှင့် ဘေးအန္တရာယ်များသည် နောင်ကာလတွင်လည်း ပေါ်ပေါက်လာနိုင်သည် ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနရှိ တာဝန်ရှိသူများနှင့် ပညာရှင်များအနေဖြင့် လက်တွေ့မြေပြင် အခြေအနေနှင့်ကိုက်ညီသည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားရှိရမည် ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ စားပွဲဝိုင်းလေ့ကျင့်ခန်းများမှ လက်တွေ့မြေပြင်အခြေအနေနှင့် ကိုက်ညီသည့် အကြံပြုချက်များဖြင့် ဝန်ကြီးဌာန၏ နည်းဗျူဟာများ၊ လုပ်ငန်းစဉ်များကို မွမ်းမံသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က Videoconferencing စနစ်ဖြင့် -

• ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် စဉ်ဆက်မပြတ် ချိတ်ဆက်ကာဆောင်ရွက်နေမှုနှင့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ပေးပို့နေမှုကို လည်းကောင်း၊

အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက Videoconferencing စနစ်ဖြင့် -

• စစ်တွေပြည်သူ့ဆေးရုံတွင် COVID-19 လူနာများအတွက် ထားရှိကုသရန်နေရာများ တိုးချဲ့နေမှု၊
• လိုအပ်ပါက ယာယီဆေးရုံပြုလုပ်ရန် ဆောင်ရွက်နေမှုနှင့်
• အသွားအလာကန့်သတ်မှုများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ နှီးနွှယ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို လည်းကောင်း၊

ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက -
• ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခ/ ဌာနမှူးများက အကြံပြုဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့် စားပွဲဝိုင်းလေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ရာ၌ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက စားပွဲဝိုင်း လေ့ကျင့်ခန်းအကြောင်း ရှင်းလင်း ပြောကြားခဲ့ကာ

ဆေးတက္ကသိုလ် (၁)၊ အရေးပေါ်ကုသမှုဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာမော်မော်ဦးက -
• အရေးပေါ်အခြေအနေအမျိုးမျိုးအတွက် ဆေးရုံပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက -
• ဘေးအန္တရာယ်အမျိုးမျိုးအတွက် ဆေးရုံပိုင်းဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်နှင့် ပတ်သက်၍လည်းကောင်း၊

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က -
• ရန်ကုန်တိုင်းဒေသကြီးတွင် အရေးပေါ်အခြေအနေများအတွက် ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်ကိုလည်းကောင်း၊

ဆေးတက္ကသိုလ် (၂)၊ အရေးပေါ်ကုသမှုဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာခိုင်ရွှေဝါက -
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရုံများလုံခြုံစိတ်ချမှုနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ဆန်းစစ်အကဲဖြတ်မှု ပုံစံကိုလည်းကောင်း၊

ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရီရီမြင့်နှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးတို့က -
• အရေးပေါ်အခြေအနေများအတွက် ဆေးရုံအလိုက် ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြကာ လိုအပ်ချက်များနှင့် ထည့်သွင်းစဉ်းစားရန် အချက်များကို အကြံပြု ဆွေးနွေးခဲ့ပါသည်။

ထို့နောက် စားပွဲဝိုင်းလေ့ကျင့်ခန်းကို ဖြစ်စဉ်အခြေအနေအပေါ် အကြောင်းအရာကဏ္ဍအလိုက် ဆွေးနွေးခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း၊ လိုအပ်ချက်များဖော်ထုတ်ခြင်းနှင့် စားပွဲဝိုင်း လေ့ကျင့်ခန်းမှ တွေ့ရှိချက်များကို တင်ပြခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား၍ စားပွဲဝိုင်းလေ့ကျင့်ခန်းကို ရုတ်သိမ်းခဲ့ပါသည်။

More Tags