ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 ရောဂါ ပိုးတွေ့လူနာများ တွေ့ရှိမှုကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပ

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၁) ရက်

     (၂၁.၈.၂၀၂၀) ရက်နေ့၊ နေ့လယ် (၃:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ “ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 ရောဂါ ပိုးတွေ့လူနာများ တွေ့ရှိမှုကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး”ကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်)၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (National Health Laboratory – NHL Yangon) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေသော ဗဟိုအဆင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ စစ်တွေ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။


     အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်က “စစ်တွေပြည်သူ့ဆေးရုံကြီးတွင် COVID-19 ပိုးတွေ့လူနာများအား လက်ခံကုသပေးလျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ ဆေးရုံသို့ ထပ်မံရောက်ရှိလာပါက လူနာများအား အဆင်ပြေချောမွေ့စွာ ထားရှိကုသနိုင်ရေး၊ ဓာတ်ခွဲ စစ်ဆေးစမ်းသပ်မှု အခြေအနေများ၊ ကျန်းမာရေးဝန်ထမ်းများ ဘေးကင်းလုံခြုံရေးနှင့် ကုသရေးလုပ်ငန်းများ အဆင်ပြေစေရေးအတွက် Clinical Management Committee နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ဆေးနှင့်ဆေးပစ္စည်းများ ထောက်ပံ့ထားရှိမှု အခြေအနေများ” အစရှိသဖြင့် ဆွေးနွေးမှာကြားခဲ့ပါသည်။

စစ်တွေမြို့၊ ပြည်သူ့ဆေးရုံအုပ်ကြီးက “ဆေးနှင့်ဆေးပစ္စည်း လိုအပ်ချက်များ၊ ကုသရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ဝန်ထမ်းအင်အား လိုအပ်ချက်များ” အစရှိသဖြင့် တင်ပြဆွေးနွေးခဲ့ပြီး စစ်တွေပြည်သူ့ဆေးရုံကြီးမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် အထူးကု ဆရာဝန်ကြီးများကလည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးက “COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သူများအား ရှာဖွေထောက်လှမ်း ဖော်ထုတ်ခြင်း (Contact Tracing) အပါအဝင် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ” ကို တင်ပြဆွေးနွေးခဲ့ပါသည်။

လိုအပ်ချက်များ တင်ပြဆွေးနွေးခဲ့မှုအပေါ် အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက အမြန်ဆုံး ထောက်ပံ့ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး အစည်းအဝေးကို ညနေ (၅:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 

More Tags