ကျိုင်းတုံမြို့နယ်တွင် ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှု (နှစ်ဝက်)လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ (၂၀၂၀) ကျင်းပပြုလုပ်

ကျိုင်းတုံ၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၂ ရက်

     ကျန်းမာရေးဝန်ကြီးဌာနနှင့် Access to Health Fund တို့ ပူးပေါင်း၍ ကျိုင်းတုံမြို့ ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (၁၀-၈-၂၀၂၀) ရက်နေ့မှ (၁၁-၈-၂၀၂၀) ရက်နေ့ထိ ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှု(နှစ်ဝက်)လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ (၂၀၂၀) ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲကို နံနက်(၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော် က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်နယ်မှ သက်ဆိုင်ရာဌာန တာဝန်ခံများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်း (၄၂)ဦး နှင့်  HPA, MHAA (၂) ဦး စုစုပေါင်း (၄၄)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အမှာစကားပြောကြားရာတွင် လက်ရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသည် တိုးမြှင့်ဆောင်ရွက်ရမည့် လုပ်ငန်းများ ရှိနေသေးကြောင်း၊ လူနာ များ၏ စိတ်ကျေနပ်မှု၊ ပြည်သူလူထု၏စိတ်ကျေနပ်မှုများ ရရှိရန်အတွက် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူတိုင်းလက်လှမ်းမီနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ရေးအတွက် မိမိဌာန၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း၊ ယခုနှစ် (၆)လပတ် လုပ်ဆောင်ချက်များကို ပြန်လည်ဆန်းစစ်၍ နောင်နှစ်တွင် ပြုပြင်သွားနိုင်မှ ဆန်းစစ်ဆွေးနွေးပွဲ ပြုလုပ်ခြင်း အဓိပ္ပါယ်ရှိမည်ဖြစ်ကြောင်း၊ လူ့သက်တမ်းမြင့်လာစေရန်အတွက် သေဆုံးမှုနှုန်းများ လျှော့ချခြင်းဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ရန်နှင့် အသက်(၅)နှစ်အောက် ကလေးဆေးခန်းများကိုဦးစားပေး ဖွင့်လှစ်ရန် လိုအပ်ကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ထောက်ပံ့ရရှိမှုများ ပိုမိုများပြားလာပြီဖြစ်သဖြင့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်‌ရှောက်မှုလုပ်ငန်းများကို ပိုမိုလုပ်‌ဆောင်လာနိုင်ပြီဖြစ်ကြောင်း၊ ထောက်ပံ့ထားသောဆေးနှင့် ဆေးပစ္စည်းများကို စနစ်တကျလက်ခံသုံးစွဲ‌စေလိုကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဘဏ္ဍာရေး ကိစ္စ များကိုလည်း အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း စသည်ဖြင့်မှာကြားခဲ့ပါသည်။

More Tags