Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၁၂) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဩဂုတ်လ (၁၂) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

     ရှေးဦးစွာ လှူဒါန်းရသည့် အကြောင်းအရင်းများကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ Deputy Representative ဖြစ်သူ Ms. Cecile Fradot နှင့်

     မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်တို့က လှူဒါန်းရသည့် အကြောင်းအရင်းများကို အသီးသီးရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို ကျေးဇူးတင်စကားပြောကြား ခဲ့ရာတွင် -

 

• ယခုလက်ရှိအချိန်၌ မိမိတို့မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခြင်းမှာ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့စည်းများနှင့် ပြည်သူများအားလုံး၏ စုစည်းညီညွတ်စွာဖြင့် ဆောင်ရွက်နေမှုများနှင့် စေတနာရှင်အဖွဲ့အစည်းများနှင့် တစ်ဦးချင်း အလှူရှင်များ၏ လှူဒါန်းမှုများကြောင့် ဖြစ်ပါကြောင်း၊

• ထိုသို့ထိန်းချုပ်ထားနိုင်သော်လည်း မိမိတို့အနေဖြင့် လုံးဝပေါ့ဆ၍မရဘဲ ကာကွယ် ထိန်းချုပ်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• ယခုကဲ့သို့လှူဒါန်းမှုများသည် ယခု COVID-19 ဖြစ်စဉ်တွင် လူနာများအတွက် အသုံးပြုနိုင် မည်သာမက ရေရှည်တွင် ကျန်းမာရေးစနစ်ပိုမိုကောင်းမွန်စေမည့် အရင်းအနှီး အထောက်အပံ့များ ဖြစ်သဖြင့် အကြိမ်ကြိမ်အကျိုးရှိနေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     လှူဒါန်းမှု အခမ်းအနားတွင် -

• UNHCR မှ အမေရိကန်ဒေါ်လာ (၁.၁၉) သန်းတန်ဖိုးရှိ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ ဆေး၊ ဆေးပစ္စည်းနှင့် စက်ကိရိယာပစ္စည်းများ၊

• မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် အမေရိကန်နိုင်ငံ ကြက်ခြေနီအသင်းက တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးဝတ်စုံ (၆၀၀) နှင့် အသက်ရှူစက် (၃) ခု၊

• ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနမှ ဒေါ်ခင်လေးညိုနှင့် ငွေစာရင်းမိသားစုက ငွေကျပ် (၁၃၆,၀၀၀) နှင့်

• ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနမှ ဒေါ်မြတ်နီလာက ငွေကျပ်(၅၀,၀၀၀) တို့အား လှူဒါန်းခဲ့ခြင်းကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က လက်ခံခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

More Tags