မော်လမြိုင်မြို့တွင် State Level Annual TB Evaluation Meeting (2019) ကျင်းပပြုလုပ်

မော်လမြိုင်မြို့၊ ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၀) ရက်

      State Level Annual TB Evaluation Meeting (2019) ကို ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့၊ နံနက် ၉:၀၀ နာရီမှ ညနေ ၄:၃၀ နာရီအချိန်အထိ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကာကွယ်ခြင်းအတွက် ချမှတ်ထားသောစည်းကမ်းချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်မှ အဖွင့်အမှာစကားပြောကြားရာတွင် တီဘီရောဂါသည် ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံးရောဂါ (၁၀) မျိုးထဲမှာ ရောဂါတစ်ခုအပါ၀င်ဖြစ်ပြီး 2019 Global TB Report အရ မြန်မာနိုင်ငံမှာ ရိုးရိုးတီဘီလူနာအသစ်ဖြစ်ပွားမှုသည် လူဦးရေတစ်သိန်းတွင် ၃၃၈ ဦး ဖြစ်ပွားနေပြီး ဆေးယဉ်ပါးတီဘီလူနာအသစ်ဖြစ်ပွားမှုသည် လူဦးရေးတစ်သိန်းတွင် ၂၁ ဦးဖြစ်ပွားနေကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါတီဘီရောဂါဖြစ်ပွားမှု၊ ကမ္ဘာ့TB/HIV ဒွန်တွဲဖြစ်ပွားမှု၊ ကမ္ဘာ့ဆေးယဉ်ပါး တီဘီရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံ (၃၀) ထဲတွင် ပါဝင်နေသည့်အတွက် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို အားဖြည့်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ်အတွင်း မွန်ပြည်နယ်၌ စုစုပေါင်းတီဘီရောဂါရှာဖွေတွေ့ရှိမှုမှာ Case Notification Rate = 274/100000 ဖြစ်သည့်အတွက် တီဘီလူနာရှာဖွေခြင်းလုပ်ငန်း အောင်မြင်နှစ်ဖြစ်ကြောင်း၊ သို့သော် ၂၀၂၀ခုနှစ်မှာ COVID-19 ရောဂါ ပေါ်ပေါက်လာသည့်အတွက် ၂၀၂၀ ခုနှစ် ဒုတိယသုံးလပတ်အထိ ရရှိသည့်ကိန်းဂဏန်းများအရ တီဘီရောဂါ ရှာဖွေတွေ့ရှိမှုမှာ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်နှင့် နှိုင်းယှဉ်လျှင် ၅၀ ရာခိုင်နှုန်းကျဆင်းသွားကြောင်း၊ ၂၀၂၀ ခုနှစ်မှာ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းအောင်မြင်မှုကို မည်သို့ဆက်လက်ထိန်းသိမ်းသွားမည်ကို ဆန်းစစ် ဆွေးနွေးစေလိုကြောင်း၊ ဆန်းစစ်ဆွေးနွေးသည့်နေရာမှာ ကျန်းမာရေးဌာနများ၏ တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအပြင် မိတ်ဖက်အဖွဲ့အစည်းများ၏ တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ၊ TB/HIV, TB Preventive Treatment, MDR-TB နှင့် TB Infection Control လုပ်ငန်းများကိုလည်း ဆန်းစစ်ဆွေးနွေးကြရန် မှာကြားလိုကြောင်း၊ ဆန်းစစ်ဆွေးနွေးခြင်းမှ ရရှိသောအချက်အလက်များပေါ်မူတည်ပြီး ပိုမိုကောင်းမွန်သော ရှေ့လုပ်ငန်းစဉ်များ ချမှတ်စေလိုကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားသွားပါသည်။

 

     အဆိုပါဆန်းစစ်ဆွေးနွေးပွဲတွင် ဒေါက်တာထွန်းဦး(လက်ထောက်ညွှန်ကြားမှူး၊တီဘီ/အနာကြီး)က မွန်ပြည်နယ်၏ ၂၀၁၉ ခုနှစ် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းအခြေအနေကို တင်ပြဆွေးနွေးသွားပြီး မြို့နယ်တီဘီတာဝန်ခံများမှ မိမိတို့မြို့နယ်အလိုက် ၂၀၁၉ခုနှစ်တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း အခြေအနေကို တင်ပြခဲ့သည်။ ထို့ပြင် မိတ်ဖက်အဖွဲ့အစည်းများကလည်း မိမိတို့စီမံချက်အလိုက် ၂၀၁၉ ခုနှစ် တီဘီ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအခြေအနေကိုတင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ဝိုင်းဝန်း မေးမြန်း ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးအနေဖြင့် ၂၀၂၀ခုနှစ်အတွက် TB Recommendations များ ချမှတ်ခဲ့ပြီး အစည်း အဝေးကို ပိတ်သိမ်းခဲ့ပါသည်။

     အဆိုပါဆန်းစစ်ဆွေးနွေးပွဲသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများနှင့်လက်ထောက်ညွှန်ကြားရေးမှူးများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်တီဘီတာဝန်ခံများနှင့် ဖိတ်ကြားထားသော မိတ်ဖက် အဖွဲ့အစည်းများ စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ပါသည်။

More Tags