တောင်ကြီးမြို့တွင် State Level Advocacy Meeting and Quality Postabortion Care Training ကျင်းပပြုလုပ်

တောင်ကြီးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၀ ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ iPas အဖွဲ့တို့ ပူးပေါင်းကျင်းပသော State Level Advocacy Meeting and Quality Postabortion Care Training ကို ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ အမျိုးသမီးနှင့် ကလေးဆေးရုံအုပ်ကြီး၊ စဝ်စံထွန်းဆေးရုံအုပ်ကြီး၊ ဆေးတက္ကသိုလ်(တောင်ကြီး)မှ ပါမောက္ခ ဒေါက်တာချယ်ရီစန်း(သားဖွား/မီးယပ်)နှင့် လွိုင်လင်ခရိုင်နှင့်လင်းခေးခရိုင်မှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ တက်ရောက်ပါသည်။

 

     ရှေးဦးစွာ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခင်က ကိုယ်ဝန်ပျက်ကျလျှင် သားအိမ်ခြစ်လေ့ရှိပြီး ယခု WHO ရဲ့ ကုသရေးလမ်းညွှန်မှုများအရ သားအိမ်ခြစ်နည်းမသုံးပဲ ခေတ်မှီ Manual Vaccun Asprition (MVA) နဲ့ Mesoprostol ဆေးများကို အသုံးပြုပြီး သားပျက်သားလျောလူနာများကို ကုသပေးလျက်ရှိကြောင်း၊ ယခုလို ကုသပေးနိုင်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ၊ ကျန်းမာရေးဌာနအသီးသီးမှ တာဝန်ရှိသူများနဲ့ iPas အဖွဲ့တို့ ပူးပေါင်းကူညီပေးလျက်ရှိကြောင်း၊ ယခု သင်တန်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ တတိယအကြိမ်မြောက် ပေးခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ်နဲ့ဒုတိယအကြိမ်တို့တွင် တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် တောင်ကြီးခရိုင်အတွင်းရှိ ဆရာဝန်များကို သင်တန်းပေးခဲ့ပါကြောင်း၊ ယခုတစ်ကြိမ်မှာတော့ ကျန်ရှိနေသေးတဲ့ လွိုင်လင်ခရိုင်နှင့်လင်းခေးခရိုင်အတွင်းမှ ဆရာဝန်များကို သင်တန်းပေးပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တစ်ခုလုံးမှာ သားပျက်သားလျောဖြစ်လျှင် ယခင်နည်းလမ်းဟောင်းဖြစ်သည့် သားအိမ်ခြစ်ကုသနည်းမှ ယခု WHO အသိအမှတ်ပြု MVA နှင့် Mesoprostol ဆေးဖြင့် ပြောင်းလဲကျင့်သုံးတော့မှာ ဖြစ်တဲ့အတွက် ယခင်သားအိမ်ခြစ်သည့်အခါ ဖြစ်ပေါ်နိုင်သည့် သားအိမ်ပေါက်ခြင်း၊ သွေးထွက်များခြင်း အစရှိသည့် ဆိုးကျိုးများကို လျော့ချပေးနိုင်ပြီး နည်းလမ်းသစ်ကြောင့် လူနာများအနေဖြင့် ဆေးရုံပေါ်တွင် ကြာရှည်စွာနေရန်မလိုပဲ အချိန်ကုန်လူပမ်း သက်သာလာမှာဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမတို့အနေဖြင့် နည်းလမ်းဟောင်းဖြစ်သော သားအိမ်ခြစ်ခြင်းမှ နည်းလမ်းသစ်ဖြစ်သော MVA နှင့် Mesoprostol အသုံးပြုခြင်းကို သေချာစွာလေ့လာမှတ်သားပြီး မိမိတို့မြို့နယ်နှင့်ဆေးရုံများတွင် ပြောင်းလဲအသုံးပြုစေလိုကြောင်းဖြင့် ပြောကြားပါသည်။

     တောင်ကြီးမြို့၊ WCH မှ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်ခိုင်မှ ပြောကြားရာတွင် WHO မှ အသိအပြုထားသော ယခုနည်းလမ်းသည် လူနာကိုသက်သာစေပြီး လွယ်ကူအကျိုးရှိကြောင်း၊ ဆရာ၊ ဆရာမတို့အနေဖြင့် ကြိုးစားအသုံးပြုစေလိုကြောင်း ပြောကြားပါသည်။ ထို့နောက် ဆေးတက္ကသိုလ်(တောင်ကြီး)မှ ပါမောက္ခဒေါက်တာချယ်ရီစန်း(သားဖွား/မီးယပ်) ယခုတက်ရောက်လာသော ဆရာများအနေဖြင့် သေချာစွာ လေ့လာမှတ်သားသွားကြစေလိုကြောင်း၊ မိမိတို့မြို့နယ်များသို့ ပြန်ရောက်သည့်အခါတွင်လည်း သင်တန်းမတက်ရောက်ရသေးသောသူများအား On Job Training များ ပေးစေလိုကြောင်း၊ ယခုနည်းလမ်းဖြင့်ဆိုပါက လူနာများသည် MVA လုပ်ပြီး နှစ်နာရီအတွင်း ဆေးရုံမှ ဆင်းရသောကြောင့် အလွန်ကောင်းသောနည်းလမ်းများ ဖြစ်ကြောင်း ပြောကြားပါသည်။

     ဆက်လက်ပြီး iPas မှ တာဝန်ရှိသူများက သင်တန်းဖြစ်ပေါ်လာပုံနှင့် သင်တန်းနှင့်ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းတင်ပြပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်ပါသည်။ အဆိုပါသင်တန်းကို ၂၀၂၀ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၅)ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

More Tags