အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ တာဝန်ရှိသူများက COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြ

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၉) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဩဂုတ်လ (၈) ရက်၊ နေ့လယ်ပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ သွားရောက်ခဲ့ပြီး COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နေသည့် ဝန်ထမ်းများအား တွေ့ဆုံကာ အားပေးချီးကျူးစကား ပြောကြားခဲ့ပါသည်။

ထို့နောက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ အစည်းအဝေးခန်းမ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာဌေးဌေးတင်နှင့် တာဝန်ရှိသူများက COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ လုပ်ငန်းများ၊ အထွေထွေကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြခဲ့ရာ -

• COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ လုပ်ငန်းများအား အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) နှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး ခုတင် (၁၀၀၀) တို့တွင် ဆောင်ရွက်နေမှု အခြေအနေများ၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)တွင် ဓာတ်ခွဲစစ်ဆေးမှုများအတွက် ဓာတ်ခွဲစက်ပစ္စည်း ကိရိယာများ၊ ဓာတ်ခွဲပစ္စည်းများ၊ ဆက်စပ်ပစ္စည်းကိရိယာများ၊ ဓာတ်ခွဲခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိခဲ့မှု၊

• (၇-၈-၂၀၂၀) ရက်နေ့အထိ COVID-19 ဓာတ်ခွဲနမူနာပေါင်း (၁၃၀,၀၀၀) ကျော်ကို စစ်ဆေးပြီးစီးခဲ့မှု၊

• ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)နှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (လားရှိုး) တို့တွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ၊

• ယခုဩဂုတ်လအတွင်း ခရိုင်မြို့ (၂၆) ခု၌ GeneXpert စက်များအသုံးပြုကာ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက်နေမှုများ၊

• COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် "COVID-19 ဓာတ်ခွဲစစ်ဆေးခြင်း စွမ်းဆောင်ရည်တိုးချဲ့မှု" အစီအစဉ်အား ရေးဆွဲထားရှိမှု၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အညီ ဖွဲ့စည်းပုံ တိုးချဲ့ရန် ကိစ္စရပ်များ၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဘက်တီးရီးယားဗေဒဌာန၊ ဗိုင်းရပ်စ်ဗေဒဌာန၊ ကပ်ပါးဗေဒဌာန၊ သွေးရည်ကြည်ဗေဒဌာန၊ ရောဂါရှာဖွေမှုဌာန၊ ရောဂါပြီး ဗေဒဌာနနှင့် မှိုဗေဒဌာနတို့တွင် ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များ၊ ဌာနအသီးသီးတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဓာတ်ခွဲမှုဆိုင်ရာ သင်တန်းများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်ချက်များအား တင်ပြခဲ့ပါသည်။


ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက -

• COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) ၏ အခန်းကဏ္ဍသည် COVID-19 ၏ ကူးစက်ပျံ့နှံ့မှု ပုံစံကို မှန်ကန်စွာ ပုံဖော်ရာ၌ များစွာအထောက်အကူပြုသဖြင့် ဝန်ကြီးဌာန၏ COVID-19 ရောဂါထိန်းချုပ်သည့် မဟာဗျူဟာများ ဖော်ထုတ်ရာ၌ အထူးအသုံးချနိုင်ခဲ့ပါကြောင်း၊

• COVID-19 ရောဂါပိုးရှိသူ နှင့် ရောဂါပိုးမရှိသူများ၏ ဓာတ်ခွဲအဖြေများကို တိကျမှန်ကန်စွာ စစ်ဆေးပေးခြင်းအားဖြင့် ဤရောဂါ၏ ဖြစ်ပွားမှု သန္ဓေတည်ရာနေရာကိုလည်း ဖော်ထုတ်နိုင်သဖြင့် ၎င်းဓာတ်ခွဲအချက်အလက်များသည် ဝန်ကြီးဌာနအနေဖြင့် ဤရောဂါကို အောင်မြင်စွာထိန်းချုပ်ရန် အတွက်လည်း အရေးကြီးသည့် သတင်းအချက်အလက်များ ဖြစ်ပါကြောင်း၊

• ထိုသို့ မှန်ကန်တိကျသော ဓာတ်ခွဲအဖြေများ ပေးအပ်ခြင်းနှင့် ဓာတ်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်များ မြှင့်တင်ခြင်း လုပ်ငန်းများကို မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ်ဆောင်ရွက်နေသည့် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၏ အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ညှိနှိုင်းမှုများ အားကောင်းသဖြင့်သာ ဤရောဂါကို ယခုအခြေအနေအထိ ထိန်းချုပ်နိုင်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့သည် ဤပုံစံဖြင့် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် နိုင်ငံနှင့် ဝန်ကြီးဌာနတို့၏ အဓိက ကျန်းမာရေး ဓာတ်ခွဲဌာနကြီးဖြစ်သည့်အပြင် အခြားမြောက်များစွာသော ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် မှိုများကြောင့် ဖြစ်ပွားသော ရောဂါများကို ဖော်ထုတ်ခြင်း၊ လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ငန်းဆောင်တာများ ကောင်း/ မကောင်းစစ်ဆေးခြင်းတို့ အပါအဝင် လုပ်ငန်းတာဝန်များလည်း များပြားသဖြင့် ဖွဲ့စည်းပုံကို အမြန်ဆုံးတိုးချဲ့ပေးမည် ဖြစ်ပါကြောင်း၊

• ယခုအခါ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) ၏ လုပ်ငန်းပမာဏသည် မထင်မှတ်ဘဲ အထူးများပြားလာပါသဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်ရာ၌ အဆင်ပြေမှုရှိစေရန် ဝန်ကြီးဌာနအနေဖြင့် ဘက်စုံရှုထောင့်မှ သုံးသပ်ကာ အမြန်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊


• French Development Agency (AFD) ၏ ပံ့ပိုးမှုနှင့် ချေးငွေတို့ဖြင့် ဆောင်ရွက်နေသည့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ဇီဝလုံခြုံမှုအဆင့် - ၃ (Biosafety level – 3) ရှိ ဓာတ်ခွဲခန်းတည်ဆောက်မှုအပါအဝင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို သတ်မှတ်ထားသော အချိန်အတွင်းပြီးမြောက်ရန် ဆောင်ရွက်စေလိုပါကြောင်း၊

• ဆရာဝန်များ၏ ရောဂါကုသမှု ပိုမိုထိရောက်မှန်ကန်စေရန်မှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန၏ အဖြေများ အပေါ်မှုတည်နေသဖြင့် အရည်အသွေးပြည့်ဝမှုကို အမြဲတမ်း ဆန်းစစ်သုံးသပ် နေရမည်ဖြစ်ပါကြောင်း၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသော အမျိုးသားအဆင့် တုပ်ကွေးဗိုင်းရပ်စ်ဓာတ်ခွဲခန်း၊ ဝက်သက်နှင့် ဂျိုက်သိုးဗိုင်းရပ်စ် ဓာတ်ခွဲခန်းနှင့် ပိုလီယိုဗိုင်းရပ်စ် ဓာတ်ခွဲခန်းများလည်းရှိသည့်အတွက် မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍအတွက် အလွန်အရေးကြီးသည့် ဌာနကြီးဖြစ်သောကြောင့် ဝန်ကြီးဌာနမှ ဆက်လက် ပံ့ပိုးသွားမည် ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ ရှင်းလင်းတိကျစွာ တင်ပြရှင်းလင်းမှုများသည်မှာ ကောင်းမွန်ပြီး လိုအပ်ချက်များအား ဝန်ကြီးဌာနမှ ဦးစားပေးသတ်မှတ် ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထိုသို့သွားရောက်ရာတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှနှင့် တာဝန်ရှိသူများလိုက်ပါခဲ့ပါသည်။

More Tags