COVID-19 ရောဂါကာကွယ်ရေးအတွက် ရန်ကုန်-နေပြည်တော် အမြန်လမ်းရှိ စားသောက်ဆိုင်များအား ပညာပေး ကွင်းဆင်းကြီးကြပ်

ပဲခူးမြို့ ၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၆)ရက်

     ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင် သည် ယနေ့(၆-၈-၂၀၂၀) ရက်နေ့တွင် ရန်ကုန် - နေပြည်တော် အမြန်လမ်းရှိ စားသောက်ဆိုင် များအား ကွင်းဆင်းစစ်ဆေးကြီးကြပ် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စားသောက်ဆိုင်များမှ မန်နေဂျာများ၊ တာဝန်ရှိသူပိုင်ရှင်များအား (၁၁၅)မိုင်ရှိ ရဲစခန်းခန်းမဆောင်တွင် တွေ့ဆုံ၍ ဆိုင်များ ပြန်လည်လည်ပတ်ချိန်တွင် စားသောက်ဆိုင်များ လိုက်နာရမည့် အချက်များ၊ စားသုံးသူတို့ လိုက်နာရမည့် အချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် COVID-19 ကာကွယ်ရေးတွင် အဓိကအချက်များဖြစ်သော လူစုလူဝေးရှောင်ရှားရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရန်၊ စနစ်တကျ လက်ဆေးရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန် ဆိုင်ရှင်များ၊ ဝန်ထမ်းများနှင့် စားသုံးသူများပါ လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။


     ထို့နောက် တိုင်းဒေသကြီးဦးစီးဌာနမှူးဦးဆောင်၍ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း/ ကူးစက်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်နှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မိုးကြည် ဦးဆောင်သောအဖွဲ့များ၊ ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်ရှိန်း ဦးဆောင်သော အဖွဲ့များ၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ် ဒေါက်တာဖြိုးဝေဝင်း ဦးဆောင်သော ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မိခင်ကလေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များ ပူးပေါင်း၍ (၃၉)မိုင်၊ (၇၆)မိုင်နှင့် (၁၁၅)မိုင်ရှိ စားသောက်ဆိုင်များကို ကွင်းဆင်းကြီးကြပ် စစ်ဆေးခြင်း၊ ပညာပေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပြီး (၁၁၅) မိုင်ရှိ ယာဉ်ရပ်နား စခန်းတွင် ခရီးသွားပြည်သူများအား Mask များ ဝေငှခြင်း၊ ကျန်းမာရေးပညာပေးခြင်းနှင့် စားသောက်ဆိုင်မှ တာဝန်ရှိသူများအား အစားအသောက် သန့်ရှင်းမှုအခြေအနေနှင့် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်အညီ ဆောင်ရွက်နေမှု အခြေအနေများ၊ အန္တရာယ်ကင်းသော အစားအစာများ ရောင်းချနိုင်ရေးတို့ကို စစ်ဆေးခဲ့ပြီး အကြံပြုချက်များ အနေ ဖြင့် စားသောက်ဆိုင်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို လည်း အမြဲတမ်း လိုက်နာဆောင်ရွက်ကြရန်နှင့် ခရီးသွားပြည်သူများ၊ စားသုံးသူများလိုက်နာရမည့် အချက်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိ ဆိုင်ပိုင်ရှင်များမှ Hand Held Speaker များ အသုံး ပြု၍လည်းကောင်း၊ အသံဖိုင်များဖြင့်လည်းကောင်း နေ့စဉ်ပညာပေး ဆောင်ရွက်သွားကြပါရန် အကြံပြုခဲ့ပါသည်။

More Tags