ဟားခါးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် COVID-19 ရောဂါကာကွယ်တားဆီးရေး နေ့စဉ်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

ဟားခါး၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၉ ရက်

     ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော အချက်များနှင့်အညီ ဖွင့်လှစ်ထားရှိသည့် အခြေခံအထက်တန်းကျောင်းများတွင် COVID-19 ရောဂါကာကွယ်တားဆီးရေး နေ့စဉ်ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက်မှု ရှိ/မရှိကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့၊ နံနက် (၈) နာရီအချိန်က ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံ၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်နှင့်အတူ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

 

     ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံနှင့်ပူးပေါင်းအဖွဲ့သည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိကာ စာသင်ကြားရန် ရောက်ရှိ လာသည့် ကျောင်းသား/ကျောင်းသူများ Reusable Mask, Face Shield တပ်ဆင်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ၊ လက်ဆေးရန် သတ်မှတ်ထားသော နေရာများတွင် စနစ်တကျ လက်ဆေးခြင်းများ၊ စာသင်ခန်းအဝင်၊ စာသင်ခန်းအတွင်း (၆)ပေကွာ ထိုင်ကာ စာသင်ကြားခြင်းတို့အပါအဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေ့စဉ်ဆန်းစစ်ရန် သတ်မှတ်ထားသော COVID-19 ရောဂါကာကွယ် တားဆီးရေး စီမံဆောင်ရွက်ရန် အချက်များ စနစ်တကျဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြရာ ချင်းပြည်နယ်ပညာရေးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးဘီကူးဒူ၊ အမှတ်(၁) အခြေခံ ပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးဗျက်ကျုံးနှင့် ဆရာ၊ဆရာမများက နေ့စဉ် ဆောင်ရွက်မှု အခြေအနေတို့ကို ရှင်းလင်းခဲ့ကြပါသည်။

     ထို့နောက် ပူးပေါင်းအဖွဲ့သည် အမှတ်(၃) အခြေခံအထက်တန်းကျောင်းသို့ ရောက်ရှိ၍ စာသင်ကျောင်းအတွင်း၊ စာသင်ခန်းများအတွင်း COVID-19 ရောဂါကာကွယ်တားဆီးရေး အချက်များနှင့်အညီ စီစဉ် ဆောင်ရွက်ထားရှိမှု၊ စာသင်ကြားမှုတို့ကို စစ်ဆေးကြည့်ရှု၍ ကျောင်းသား/ကျောင်းသူလေးများအား COVID-19 ရောဂါကာကွယ်တားဆီးရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆွေးနွေး ပြောကြားခဲ့ကြပါသည်။

 

 
 

More Tags