မကွေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ နှစ်ပတ်လည် လုပ်ငန်းဆန်းစစ်အစည်းအဝေး ကျင်းပ

မကွေးမြို့၊၂၀၂၀ ခုနှစ်၊ ဇူလှိုင်လ (၂၃) ရက်

     မကွေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်အစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ ဇူလှိုင်လ (၂၃) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

 

     အဖွင့်အမှာစကားပြောကြားရာတွင် တီဘီရောဂါသည် ဦးစားပေးဖြေရှင်းရမည့် ပြည်သူ့ ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ နှစ်စဉ်တီဘီလူနာပေါင်း (၁၉၀,၀၀၀) ကျော်ခန့်ရှိမည်ဟု ယူဆရသော်လည်း (၁၄၀,၀၀၀) ခန့်သာ ရှာဖွေနိုင်သောကြောင့် ထပ်မံ၍တီဘီလူနာ(၅၀,၀၀၀)ခန့်ရှာဖွေရန်လိုအပ်ကြောင်း၊မကွေးတိုင်းဒေသကြီးတွင် (၂၀၁၉)ခုနှစ် ၌ လူဦးရေ (၁) သိန်းလျှင် စုစုပေါင်းတီဘီလူနာ (၁၆၁) ဦးသာ ရှာဖွေနိုင်ကြောင်း၊ ဆေးတိုးတီဘီ ရောဂါပျောက်ကင်းနှုန်းမှာ (၈၇%) သာရှိကြောင်း၊ ဆေးယဉ်ပါးတီဘီလူနာ၏ ဆေးကုသမှု အောင်မြင်နှုန်းမှာ (၇၆%) သာရှိကြောင်း၊ ထို့ကြောင့်မျှော်မှန်းထားသော End TB Strategy ၏ရည်မှန်းချက်ပန်းတိုင်များ ပြည့်မှီနိုင်ရန်အတွက် တီဘီရောဂါရှာဖွေရေးကိုသာမက ဆေးကုသမှု အောင်မြင်ရေးကိုပါ ယခုထက်ပို၍ အားစိုက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိတ်ဖက်အဖွဲ့အစည်း များ၏ အခန်းကဏ္ဍများမှာလည်း အရေးကြီးကြောင်းပြောကြားခဲ့သည်။

     ဆက်လက်၍ တိုင်းဒေသကြီးတီဘီဆရာဝန်ကြီး၊ မြို့နယ်တီဘီတာဝန်ခံများနှင့်မိတ်ဖက်အဖွဲ့ အစည်းများမှ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း၏ နှစ်ပတ်လည်ပြီးစီးမှု အခြေအနေများကိုတင်ပြပြီး၊ အားသာချက်/ အားနည်းချက်များကို ဆန်းစစ်သုံးသပ်၍ ရှေ့ဆက်မည့်လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်လာအောင်အတွက် ဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသ ကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ မြို့နယ်တီဘီတာဝန်ခံများနှင့် မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

More Tags