Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂၂) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇူလိုင်လ (၂၂)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

     ရှေးဦးစွာ ခိုလုံလီရှောတိုင်းရင်းသားများ ယဉ်ကျေးမှုအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ သူရဲကောင်းမှတ်တမ်းဝင် သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်မြင့်က အလှူရှင်များကိုယ်စား လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို ကျေးဇူးတင်စကားပြောကြား ခဲ့ရာတွင် -

• COVID-19 ကပ်ရောဂါဖြစ်ပွားချိန်တွင် နိုင်ငံအကျိုးအတွက် စုစည်းညီညွတ်စွာဖြင့် ဆောင်ရွက်နေမှုများနှင့် လှူဒါန်းမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊

• ယခုကဲ့သို့လှူဒါန်းမှုများသည် ယခု COVID-19 ဖြစ်စဉ်တွင် လူနာများအတွက် အသုံးပြုနိုင် မည်သာမက ရေရှည်တွင် ကျန်းမာရေးစနစ်ပိုမိုကောင်းမွန်စေမည့် အရင်းအနှီး အထောက်အပံ့များ ဖြစ်သဖြင့် အကြိမ်ကြိမ်အကျိုးရှိနေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     လှူဒါန်းမှု အခမ်းအနားတွင် -

• ခိုလုံလီရှောတိုင်းရင်းသားများယဉ်ကျေးမှုအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ သူရဲကောင်းမှတ်တမ်းဝင် သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်မြင့်နှင့် ဇနီး သီရိသုဓမ္မသီင်္ဂီ ဒေါ်ဝင်းမြင့်က ကျပ် သိန်း (၁,၃၆၀) တန်ဖိုးရှိ ပိုးသတ်သန့်စဉ်ဆေးဖြန်းယာဉ်၊ ဆိုင်ကယ်၊ ပိုးသတ် ဆေးရည်နှင့် တစ်ကိုယ်ရေရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ၊

• တယ်လီနောမြန်မာက ကျပ်ငွေ (၆၄,၂၆၈,၅၇၂.၆၆)၊

• တယ်လီနောမြန်မာ သုံးစွဲသူမိဘပြည်သူများ၏ စာတိုတစ်စောင် အလှူငွေတစ်ထောင် အစီအစဉ်က ကျပ်ငွေ (၅,၇၃၁,၄၂၇.၂၄)၊

• Connell Bros.Co.(Singapore) Pte Ltd.(Myanmar Branch) က အမေရိကန်ဒေါ်လာ (၈,၀၀၀) တန်ဖိုးရှိ Hand sanitizer (၁,၀၀၀) ဗူး၊

 

• DOW Chemical (Myanmar) Ltd က အမေရိကန်ဒေါ်လာ (၈,၀၀၀) တန်ဖိုးရှိ Hand sanitizer (၁,၀၀၀) ဗူး၊

• မိဘဆွေမျိုးများ အမှူးထား၍ မောင်သျှိုင်းထက်အောင် (၂၂)နှစ်ပြည့် မွေးနေ့အလှူကျပ်ငွေ (၁၀၀) သိန်းနှင့်

• ကဏ္ဍ အသီးသီးရှိ ဆေးဝါးတက္ကသိုလ်ကျောင်းဆင်းများက (၄၃.၁) သိန်း တို့အားလှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းတို့က လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

More Tags