အခြေခံပညာအထက်တန်းကျောင်းများတွင် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများပြုလုပ်ရန်ရာ၌ အသုံးပြုရန် လက်ကိုင်အသံချဲ့စက် (၅,၀၀၀) ခုအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာနထံသို့ လွှဲပြောင်းပေးအပ်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့

     ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သော "ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာနထံသို့ လက်ကိုင်အသံချဲ့စက် (၅,၀၀၀) ခု လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား" သို့ တက်ရောက်ခဲ့ပါသည်။

     အဆိုပါအခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ကိုင်အသံချဲ့စက်များ လွှဲပြောင်းပေးအပ်ရသည့် အကြောင်းအရင်းအား ပြောကြားရာတွင် -

• COVID-19 ကပ်ရောဂါကဲ့သို့သော ကူးစက်ရောဂါများကို ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရောဂါ၏ သဘောသဘာဝ၊ ဖြစ်ပွားကူးစက်မှုပုံသဏ္ဍာန်တို့ အပါအဝင် ပြောင်းလဲလျက်ရှိသော အခြေအနေအရပ်ရပ်နှင့် လိုက်လျောညီထွေဖြစ်စေရန် အလိုက်သင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဦးဆောင်သော ဆရာ/ ဆရာမများနှင့် ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများသည် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ မြန်မာ ပြည်သူလူထု၏ သိမြင်နားလည်မှုအခြေအနေဆန်းစစ်မှု သုတေသနကို မတ်လ အတွင်းက ပြုလုပ်ခဲ့ပါကြောင်း၊

• ထိုသို့သုတေသနပြုဆန်းစစ်ရာတွင် ပြည်သူများတွင် COVID-19 ရောဂါဖြစ်ပွားမှု၊ ရောဂါကူးစက်မှု အန္တရာယ်နှင့် ရောဂါကာကွယ်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်သော ဗဟုသုတ နည်းပါးနေသေး သည်ကို တွေ့ရှိရပါကြောင်း၊

• ထို့အတွက် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများကို ရပ်ကွက်၊ ကျေးရွာများ၌ လက်ကိုင် အသံချဲ့စက်များ၊ အသံချဲ့စက်များကို အသုံးပြု၍ နေ့စဉ် (၅)ကြိမ် ကြေညာနှိုးဆော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ရပ်ကွက်၊ ကျေးရွာများ၌ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှု များကို တစ်နိုင်လုံးအတိုင်းအတာဖြင့် ဆက်လက်ဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင်လည်း ဆရာ၊ ဆရာမများက ကျောင်းသား/သူများထံ ကျန်းမာရေးအသိပညာအချက်အလက်များကို လက်ကိုင်အသံချဲ့စက်များအသုံးပြုကာ ပြောကြားနိုင်ရန် လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းထံသို့ လက်ကိုင်အသံချဲ့စက် (handheld speaker) (၅,၀၀၀) ခုအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

 

     ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျေးဇူး တင်စကားပြောကြားရာတွင် -

• မိမိတို့မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ် ထားနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံး က ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန် ချက်များ၊ လုပ်ငန်းလမ်းညွှန်များနှင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှု အချက်အလက်များကို စနစ်တကျထုတ်ပြန်ကာ ဆောင်ရွက်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် စည်းကမ်း သတ်မှတ်ချက်နှင့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယခုလွှဲပြောင်းပေးအပ်သည့် လက်ကိုင်အသံချဲ့စက် (handheld speaker) များသည် ကျောင်းများ၌ လူစုလူဝေး မဖြစ်စေရေး၊ ခပ်ခွာခွာနေရေး၊ ပါးစပ်နှင့်နှာခေါင်းစည်း (mask) ကို စနစ်တကျတပ်ဆင်ရေးနှင့် လက်ကိုစနစ်တကျဆေးကြောရေးတို့အပါအဝင် COVID-19 ရောဂါ ကာကွယ်တားဆီးရေး ကျန်းမာရေးအသိပညာများ ဖြန့်ဝေရာတွင် အထူးအကျိုးရှိမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags