အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နေသည့် အခြေအနေများအား ပြည်ထောင်စုဝန်ကြီး ရှောင်တခင်သွားရောက်ကြည့်ရှု

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့

     ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းများသို့ ရှောင်တခင်သွားရောက်ခဲ့ကာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နေသည့် အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

     ထိုသို့သွားရောက်ခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောင်းဝင်းအတွင်းသို့ မဝင်ရောက်မီဆောင်ရွက်မှု၊ ကျောင်းဝင်းအတွင်း ပြင်ဆင်ထားရှိမှု၊ စာသင်ခန်းများ တွင် ကျောင်းသား/ သူများအား သင်ကြားနေမှု အပါအဝင် အခြေခံပညာအထက်တန်းကျောင်းများတွင် COVID-19 ကာကွယ်တားဆီးရေး စည်းကမ်းသတ်မှတ်ချက်နှင့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

     ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆရာ၊ ဆရာမများအား တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်းပေးခဲ့ပါသည်။

 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ/ ဆရာမများအား -

• ယခုကဲ့သို့ ကျောင်းများတွင် COVID-19 ကူးစက်ပြန့်ပွားမှုများမဖြစ်ပွားစေရေးအတွက် စနစ်တကျ ဆောင်ရွက်နေမှုများအား တွေ့ရှိရသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊

• ကျောင်းများတွင် ကျောင်းသား/သူများ ကျောင်းဝင်းအတွင်းသို့ စနစ်တကျ ခပ်ခွာခွာဖြင့်တန်းစီ ဝင်ရောက်ချိန်တွင် ဆရာ၊ ဆရာမများက လက်ကိုင်အသံချဲ့စက် (handheld speaker) များ အသုံးပြုကာ COVID-19 ကာကွယ်တားဆီးရေး အသိပညာပေးအချက်များ ပြောကြားနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာနထံသို့ လက်ကိုင်အသံချဲ့စက်များ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါကြောင်း၊

 

• ကျောင်းများတွင် ကပ်ထားရန်အတွက် ကျန်းမာရေးအသိပညာအချက်အလက် QR Code များ၊ လက်ကိုင်အသံချဲ့စက်နှင့် ပြောကြားရန် အချက်အလက်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ယနေ့ပင် ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထိုသို့သွားရောက်ရာတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ပါသည်။

More Tags