COVID-19 ဘေးကင်းစွာဖြင့် အခြေခံပညာကျောင်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ကြပါရန်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂၁) ရက်

 

• COVID-19 ကပ်ရောဂါကြောင့် ခေတ္တရပ်နားထားခဲ့ရသည့် ပညာရေး၊ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များ ပုံမှန်အရှိန်အဟုန်အတိုင်း အမြန်ဆုံးပြန်လည် ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နေ့မအား၊ ညမနား ကြိုးစား၍ ဆောင်ရွက်လျက်ရှိပါသည်၊။

• ယနေ့ (၂၁-၇-၂၀၂၀) ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဖွင့်လှစ်ပြီးသော ကျောင်းများသည် စည်းကမ်းသတ်မှတ်ချက်နှင့် လမ်းညွှန်ချက်များနှင့်အညီ ပြည့်မီစွာ ဆက်လက်ဆောင်ရွက်ခြင်း ရှိ၊ မရှိ အခြေအနေများအား စောင့်ကြည့်ဆန်းစစ်ကြီးကြပ်ခြင်း (monitoring and supervision) များကို အလေးထား၍ ဆက်လက်လုပ်ဆောင်မည် ဖြစ်ပါသည်။

• စောင့်ကြည့်ဆန်းစစ်ကြီးကြပ်ခြင်းကိစ္စရပ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများနှင့် မိဘများ၏ ပါဝင်ပူးပေါင်း ဆောင်ရွက်မှု အခန်းကဏ္ဍသည် အလွန်အရေးကြီးပါသည်။

• ကျောင်းများတွင် COVID-19 ကူးစက်ပြန့်ပွားမှုများမဖြစ်ပွားစေရန်နှင့် မိမိတို့နိုင်ငံတွင် COVID-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန်အတွက် ကျောင်းသား/ သူများ၊ မိဘများနှင့် ပြည်သူများသည် မိမိတို့၏ကိုယ်ပိုင်အရေးကိစ္စ၊ မိမိတို့၏မိသားစုအရေးကိစ္စသဖွယ် သဘောထားကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပြည်ထောင်စုဝန်ကြီး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

More Tags