COVID-19 ကုသရေးဌာန (ဖောင်ကြီး) သို့ ပြည်ထောင်စုဝန်ကြီးသွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ဖွင့်လှစ်ထားရှိသော COVID-19 ကုသရေးဌာန (ဖောင်ကြီး) သို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

ထိုသို့တာဝန်ရှိသူများနှင့် တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ယခုကဲ့သို့ COVID-19 ကုသရေးဌာန (ဖောင်ကြီး) ဖွင့်လှစ်ကာ COVID-19 လူနာများလက်ခံ ကုသမှုပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပံ့ပိုး၍ ဆောင်ရွက်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုပရဟိတအဖွဲ့အစည်းများ၊ ပုဂ္ဂလိကဆေးရုံများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• နိုင်ငံတွင် ယခုကဲ့သို့ အရေးကြုံသည့်အခါ နိုင်ငံနှင့်ပြည်သူများအကျိုးအတွက် မိမိတို့၏ကိုယ်ပိုင် ကိစ္စသဖွယ် အလေးထားကာ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ COVID-19 ကုသရေးဌာန (ဖောင်ကြီး) အချိန်တိုအတွင်း စနစ်တကျ ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊

• COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် COVID-19 လူနာများကို တစ်ပြိုင်နက်လက်ခံကာ အထူးကြပ်မတ်ကုသဆောင်များ၊ ဆေးနှင့်စက်ပစ္စည်း ကိရိယာများစုံလင်စွာဖြင့် အရည်အသွေး ပြည့်ဝသော ကုသမှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် COVID-19 ကပ်ရောဂါနှင့် ရင်ဆိုင်နေရသော ကျန်းမာရေးဝန်ထမ်းများအတွက် စိတ်ဓာတ်ရေးရာ ယုံကြည်မှုကိုလည်း ရရှိစေပါကြောင်း၊

• ယခုလက်ရှိတွင် မိမိတို့နိုင်ငံ၌ COVID-19 ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်လျက် ရှိပါကြောင်း၊ ထိုသို့ထိန်းချုပ်နိုင်သည်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှု၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်မှု တို့ကြောင့်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံတွင် ယနေ့၊ နံနက်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၃၄၁) ဦးရှိပြီး ၎င်းတို့အနက် အထူးကြပ်မတ်ကုသမှု ခံယူရသူ (၂၀) ဦးနှင့် အသက်ရှူစက် (ventilator) အသုံးပြုခဲ့ရသူ (၅) ဦးသာရှိပါကြောင်း၊


• လက်ရှိအချိန်၌ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေသော COVID-19 လူနာများ၏ အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တစ်ဦးမျှ အထူးကြပ်မတ်ကုသမှုခံယူ မနေရပါကြောင်း၊ ထိုသို့လူနာများ ကောင်းမွန်စေရန် ကုသမှုပေးနေသော ဆရာဝန်၊ သူနာပြု၊ ကုသမှုအထောက်အကူပြု ပညာရှင်များ၏ စွမ်းရည်မြင့်မားမှုကို တွေ့ရှိရပါကြောင်း၊

• မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရေးအတွက် နယ်စပ် ဝင်၊ ထွက်ပေါက်များနှင့် အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုရာနေရာများ သတ်မှတ်ချက်၊ စည်းကမ်း လမ်းညွှန်ချက်များနှင့်အညီ တိကျစွာဆောင်ရွက်မှု ရှိ၊ မရှိ ဆန်းစစ်အကဲဖြတ်ခြင်း (monitoring) ကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ရာတွင်လည်း ဆန်းစစ်မှုပုံစံ (monitoring checklist) များအသုံးပြုကာ သတ်မှတ်ချက်များပြည့်မီမှု ရှိ၊ မရှိကို ဆန်းစစ် အကဲဖြတ်ဆောင်ရွက်နေပြီး သတ်မှတ်ချက်အဆင့် (A) မပြည့်မီပါက ဖွင့်လှစ်ခြင်းမပြုဘဲ သတ်မှတ်ချက်ပြည့်မီအောင် ဖြည့်ဆည်းဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်နိုင်မည် ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ COVID-19 ကုသရေးဌာန (ဖောင်ကြီး) ဖွင့်လှစ်နိုင်ရန် စီမံခန့်ခွဲမှု၊ ကဏ္ဍစုံပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့မှု၊ ဖွင့်လှစ်ပြီးနောက် လူနာများလက်ခံကုသမှုနှင့် လုပ်ငန်းများ ဆောင်ရွက်နေမှုတို့နှင့် ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို ဝန်ကြီးဌာနရှိ ဒုတိယတိုင်းဒေသကြီး/ ပြည်နယ် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ချုပ်ရေး မဟာဘွဲ့သင်တန်း တက်ရောက်နေသူများက လာရောက်လေ့လာမှုများ ပြုလုပ်စေလိုပါကြောင်း၊

• COVID-19 ကုသရေးဆိုင်ရာ လမ်းညွှန်များကို ပြုစုထားရှိပြီး၊ COVID-19 ကုသရေးဌာန (ဖောင်ကြီး) ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မှုများ မှတ်တမ်းစာအုပ်ကို ပြုစုနေသည်မှာ အထူး ကောင်းမွန်ပါကြောင်း၊ ယခုအတွေ့အကြုံများသည် နောင်အခါ အလားတူကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရင်ဆိုင်ရသည့်အခါ များစွာအသုံးကျ အကျိူးရှိမည် ဖြစ်ပါကြောင်း၊

• COVID-19 ကုသရေးဌာန (ဖောင်ကြီး)မှ တာဝန်ရှိသူများအနေဖြင့် မျက်နှာချင်းဆိုင် (သို့မဟုတ်) videoconferencing စနစ်ဖြင့် အစည်းအဝေးများ ပြုလုပ်ကာ တိုင်ပင်ဆွေးနွေး ညှိနှိုင်းနေမှုများသည် ကောင်းမွန်ပါကြောင်း၊

• COVID-19 ကုသရေးဌာန (ဖောင်ကြီး)၏ ဆေးရုံအုပ်ကြီးအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များကို မိမိထံသို့ အီးမေးလ်ဖြင့် တိုက်ရိုက်ပေးပို့ စေလိုပါကြောင်း၊ ပြောကြားခဲ့ပါသည်။

ထို့နောက် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၏ ပါမောက္ခချုပ် ဦးကျော်ဝင်းဟန်က -

• COVID-19 ကုသရေးဌာန (ဖောင်ကြီး) ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ရာတွင် ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်ခဲ့မှု၊

• စတင်ချိန်က ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (၁၈၀) ဦးနှင့် နှီးနွှယ်ဆက်စပ် တာဝန်ဆောင်ရွက်သူ (၂၀၀) ဦးဖြင့် ဆောင်ရွက်ခဲ့ရာမှ ယခုအခါလူနာများ တက်ရောက်မှု အခြေအနေနှင့်အညီ ကျန်းမာရေး စောင့်ရှောက်မှုပေးသူ (၁၀၀) ဦးနှင့် နှီးနွှယ်ဆက်စပ် တာဝန်ဆောင်ရွက်သူ (၁၈၀) ဦးခန့်တို့ဖြင့် ဆက်လက်ဆောင်ရွက်နေမှု၊

• ကြီးကြပ်မှုကော်မတီ အစည်းအဝေးများ ပုံမှန်ပြုလုပ်ကာ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် COVID-19 ကုသရေးဌာန (ဖောင်ကြီး) ၏ ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်နေသော ဒေါက်တာကိုကိုနိုင်က -

• COVID-19 ကုသရေးဌာန (ဖောင်ကြီး) ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ရာ၌ လူနာဆောင်များအဖြစ် ထားရှိနိုင်ရန် ပြုပြင်မွမ်းမံခဲ့မှု၊ လူနာဆောင်များအတွက် Liquid oxygen plant အပါအဝင် အောက်ဆီဂျင် ပိုက်လိုင်းများတပ်ဆင်မှု၊ အထူးကြပ်မတ် ကုသဆောင်များ စီစဉ်မှု၊ စက်ပစ္စည်းကိရိယာများ တပ်ဆင်မှု၊ CCTV ကင်မရာများတပ်ဆင်မှု၊ အင်တာနက်လိုင်းများ တပ်ဆင်မှု၊ ဆေးနှင့်ဆေးပစ္စည်းစတို၊ ဓာတ်ခွဲခန်း၊ CT နှင့် ဓာတ်မှန်ဆောင်စီစဉ်မှု၊ လုံခြုံရေးကိစ္စရပ်များ၊ လျှပ်စစ်မီးတိုင်များတပ်ဆင်မှု၊ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်မှု၊ လာရောက်တာဝန် ထမ်းဆောင်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ၊ ပရဟိတစေတနာရှင်များ နေထိုင်ရေး အဆောင်များစီစဉ်မှု၊ လူနာများ သယ်ယူပို့ဆောင်ရန် စီစဉ်မှုစသည့် လုပ်ငန်းများအား ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊

• COVID-19 ကုသရေးဌာန (ဖောင်ကြီး)တွင် လူနာပေါင်း (၁၄၉) ဦးကိုကုသမှုပေးခဲ့ပြီး (၁၃၂) ဦး ဆေးရုံဆင်းခဲ့ပြီး လက်ရှိတွင် (၁၇) ဦးအား ကုသမှုပေးနေမှု၊

• COVID-19 ကုသရေးဌာန (ဖောင်ကြီး) ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မှုများ မှတ်တမ်းစာအုပ် ပြုစုနေမှု စသည်တို့အား ရှင်းလင်းတင်ပြခဲ့ပါသည်။


ဆက်လက်၍ COVID-19 ကုသရေးဌာန (ဖောင်ကြီး)၊ ကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၏ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက -

• COVID-19 ကုသရေးဌာနဖွင့်လှစ်ဆောင်ရွက်မှုတွင် ဘေးထွက်အကျိုးအမြတ်အဖြစ် စီမံခန့်ခွဲအုပ်ချုပ်မှု၊ ကဏ္ဍစုံပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှု၊ ကုသမှုအတွေ့အကြုံ ကောင်းများစွာ ရရှိပါကြောင်း၊

• မိမိတို့အနေဖြင့် စီမံခန့်ခွဲမှုနှင့် ကုသရေးဆိုင်ရာ အစည်းအဝေးများကို ပုံမှန်ပြုလုပ်ကာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးတိုင်ပင် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် ဆေးပညာဌာန၏ ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာဇော်လင်းအောင် က -

• COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် လက်ရှိ၌ လူနာ (၅၀၀) ဦးအား ထားရှိကုသနိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ကာ လိုအပ်ပါက လူနာ (၂,၀၀၀) ခန့်အထိထားရှိနိုင်ရန် ပြင်ဆင်သွား နိုင်ရန် စီစဉ်ခဲ့ပါကြောင်း၊

• လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲထားရှိကာ စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် COVID-19 ကုသရေးဌာန (ဖောင်ကြီး) ရှိ အထူးကြပ်မတ် ကုသဆောင်များအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

More Tags