အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ကာကွယ်တားဆီးရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ကာကွယ်တားဆီးရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ ဆွေးနွေး ညှိနှိုင်းပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းများ၌ COVID-19 ဖြစ်ပွား ကူးစက်မှု မရှိစေရေးသည် လက်ရှိအချိန်၌ နိုင်ငံအတွက် အထူးအရေးကြီးသည့် ကိစ္စတစ်ရပ်ဖြစ်သဖြင့် မိမိတို့အားလုံး စုပေါင်းညှိနှိုင်း၍ သေချာစွာ စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားသူ လူနာစတင်တွေ့ရှိခဲ့ရစဉ်ကကဲ့သို့ပင် သတိအပြည့်၊ အားစိုက်မှုအပြည့်တို့ဖြင့် ကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို လုံးဝ လစ်ဟာမှုမရှိစေဘဲ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊

• ကျောင်းများ၌ ရောဂါမဖြစ်ပွားစေရန် ဆောင်ရွက်ရာ၌ ကျောင်းသား/သူများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်ဆိုသည့် အချက်ကို အသိအမှတ်ပြုရမည် ဖြစ်ပါကြောင်း၊

• ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့မှသာမက အခြားနှီးနွှယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ကျောင်းသား/သူ၊ မိဘများ၊ မိဘ-ဆရာအသင်းများ အားလုံး၏ စုစည်းညီညွတ်စွာ ဆောင်ရွက်ပါက ကူးစက်မှု ဒုတိယလှိုင်းဖြစ်ရန် အလားအလာ အလွန်နည်းပါးပါကြောင်း၊

• မိမိတို့အနေဖြင့် ကျောင်းသားများ စာသင်ကြားမှုအခွင့်အရေးကို မဆုံးရှုံးစေရန်အတွက် မြန်မာနိုင်ငံ၌ ဤရောဂါ လောလောဆယ်ဖြစ်ပွားမှုနှင့် ကူးစက်ပျံ့နှံ့မှု ပုံစံအခြေအနေများကို နောက်ခံထားချိန်ထိုးစဉ်းစား၍ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊

• COVID-19 သည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်သော ရောဂါဖြစ်သည့်အတွက် ကူးစက်ပျံ့နှံ့မှုနှုန်းမှာ မြန်သည်ဆိုသည့်အချက်ကိုလည်း သတိပြုကြရမည် ဖြစ်ပါကြောင်း၊

• မိမိတို့အနေဖြင့် ကျောင်းတွင် ရောဂါကူးစက်ဖြစ်ပွားမှုမရှိရန် အာရုံစိုက်ဆောင်ရွက်နေသကဲ့သို့ ကျောင်းသူ/ ကျောင်းသားများ ကျောင်းတက်ပြီး အိမ်သို့ပြန်ရောက်ချိန်၌ ရောဂါကူးစက်မှု မရရှိစေရန် ဟူသော အချက်သည်လည်း အရေးကြီးပါကြောင်း၊

• အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အခါ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ၊ နေရာစုံမှ ကျောင်း သား/သူများသည် နေရာတစ်ခုတည်းတွင် စုစည်းရောက်ရှိလာမည် ဖြစ်သဖြင့် ကျောင်းပြင်ပမှ COVID-19 ကူးစက်လာနိုင်သူ ကျောင်းသား/သူတစ်ဦးမှ တစ်ဆင့် အခြားကျောင်းသား/သူနှင့် ဆရာ/ ဆရာမများထံ ထပ်ဆင့်ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ် လာနိုင်ပါကြောင်း၊

• အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ရောဂါကူးစက် ဖြစ်ပွားမှုများကြောင့် ပြန်လည်ပိတ်ရသည့် အဖြစ်မျိုး မဖြစ်စေလိုပါကြောင်း၊


• ကျောင်းသား/ သူများ အနေဖြင့် ကျောင်းတက်ချိန်တွင် ကျောင်းမှချမှတ်ထားသော COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများကိုလိုက်နာသော်လည်း ကျောင်းသို့မလာမီနှင့် ကျောင်းဆင်းချိန် ကျောင်းပြင်ပနေရာများတွင် ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာမှုမရှိပါကလည်း ရောဂါကူးစက်မှုများ ဖြစ်ပေါ်နိုင်သည်ကို သတိပြုကြရမည် ဖြစ်ပါကြောင်း၊

• သို့ဖြစ်ပါ၍ ကျောင်းသား/သူများကိုယ်တိုင်နှင့် မိဘများအနေဖြင့် မိမိတို့ကိုယ်တိုင်နှင့် အခြားသူများထံ ရောဂါမကူးစက်စေရေးအတွက် မိမိကိုယ်တိုင်၏အရေးကဲ့သို့ သဘောထားကာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊

• ကျောင်းများတွင် COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ၊ ကျန်းမာရေးအသိပညာ ဗဟုသုတများကို ပိုစတာများ၊ QR code များ ချိတ်ဆွဲပေးထားမည့်အပြင် ကျောင်းစာသင်ချိန် မစတင်မီတွင်လည်း ဆရာ၊ ဆရာမများက ရောဂါကာကွယ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာ အချက်အနည်းငယ်စီကို နေ့စဉ်ပုံမှန် ပြောကြားကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ပြောကြားရမည့်အချက်များကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ပေးထားမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် COVID-19 ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများ၊ ကျန်းမာရေး အသိပညာ ဗဟုသုတ အချက်အလက်များနှင့် ဆန်းစစ်မှုပုံစံ (checklist)များကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့်တာဝန်ရှိသူများ၊ ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများထံသို့ အမြန်ဆုံးရောက်ရှိစေရန် ဖြန့်ဝေပေးရမည် ဖြစ်ပါကြောင်း၊

• အခြေခံပညာကျောင်းများ မဖွင့်လှစ်မှီ၌ COVID-19 ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ ပြည့်စုံမှုရှိ၊ မရှိအား ဝန်ကြီးဌာနနှစ်ခု၏ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ ပူးပေါင်းကာ ဆန်းစစ်မှုပုံစံ (checklist) များအသုံးပြု၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ရေးဆွဲထားသော ဆန်းစစ်မှုပုံစံ (checklist) တွင် အချက်ပေါင်း (၈၀) ခန့်ပါဝင်ပြီး ဆန်းစစ်ချက်ပြည့်မီမှု (A)၊ (B)နှင့်(C) ဟူ၍ အဆင့် (၃) ဆင့်ခွဲခြားထားပါကြောင်း၊ (A) အဆင့်ရမှသာလျှင် အဆိုပါကျောင်းကို ချက်ချင်းပြန်လည်ဖွင့်ခွင့်ရမည်ဖြစ်ပြီး (B) နှင့် (C) တို့ရရှိပါက လိုအပ်သည့် အချက်များကို အမြန်ဆုံးဖြည့်ဆည်းပြီး ဆန်းစစ်ချက်အဆင့် ပြည့်မီလာမှသာ ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ပါကြောင်း၊

• ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် တစ်လျှောက်လုံးတွင်လည်း သက်ဆိုင်ရာမြို့နယ်အလိုက် ဆန်းစစ်အကဲဖြတ်အဖွဲ့ (monitoring team) များဖွဲ့စည်းကာ ကျောင်းများ၌ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် စည်းကမ်းလိုက်နာ ဆောင်ရွက်မှုအခြေအနေများကို ပုံမှန်နှင့် ရှောင်တခင် စစ်ဆေးခြင်းနှင့် စောင့်ကြည့်ဆန်းစစ် အကဲဖြတ်ခြင်း (monitoring) အား အထူး တိတိကျကျ ကြပ်မတ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်း (၁) ကျောင်းစီအလိုက်လည်း စောင့်ကြည့်ဆန်းစစ်အကဲဖြတ်ခြင်းများကို အဖွဲ့ဖွဲ့ကာ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ဆန်းစစ်ချက်များအားလုံးကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများထံ ပေးပို့ရမည်ဖြစ်ပြီး လိုအပ်သလို ဆက်လက် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• COVID-19 သံသယလက္ခဏာရှိသူကို တွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများအားလုံးက ကောင်းစွာနားလည် သိရှိထားရမည် ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံးနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

• ဤရောဂါကာကွယ်တားဆီးရာ၌ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘ-ဆရာအသင်းဝင်များ၏ ကဏ္ဍအလိုက် တာဝန်ခွဲဝေသတ်မှတ်မှု (division of labour) သည် အရေးကြီး ပါကြောင်း၊

• COVID-19 အန္တရာယ်ကင်းရှင်းစွာဖြင့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးလုပ်ငန်းများကို စုစည်း ညီညွတ်စွာ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ဆက်လက်ဆောင်ရွက် သွားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်တွင် COVID-19 ကာကွယ်တားဆီးရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး (ကျောင်းကျန်းမာ) ဒေါက်တာစုမွန်မြတ်က ရောဂါကာကွယ်တားဆီးရေး စံလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းလမ်းညွှန်များ၊ ဆန်းစစ်အကဲဖြတ်မှုပုံစံ (joint monitoring checklist) များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများ၊ တာဝန်ရှိသူများနှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ရောဂါကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှု ကော်မတီဝင်များက COVID-19 အန္တရာယ်ကင်းရှင်းစွာဖြင့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးမှုများနှင့် အကြံပြုမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေး ဌာနခွဲမှ တာဝန်ရှိသူများက (က) ပိုးသတ်သန့်စင်ခြင်းနှင့် (ခ) Infrared thermometer ဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်းတို့အား လက်တွေ့သရုပ်ပြခဲ့ပါသည်။

More Tags