Responsible Conduct of Research (RCR) and Research Ethics အလုပ်ရုံဆွေးနွေးပွဲသင်တန်းသို့ တက်ရောက်မည့် သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှု ဘုတ်အဖွဲ့ဝင်အသစ်နှင့် အသုံးချသုတေသန ဆောင်ရွက်မည့်သူများအား ပြည်ထောင်စုဝန်ကြီးတွေ့ဆုံမှာကြား

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၂၉) ရက်

      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ၌ ပြုလုပ်သည့် Responsible Conduct of Research (RCR) and Research Ethics အလုပ်ရုံဆွေးနွေးပွဲ သင်တန်းသို့ တက်ရောက်မည့် သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ဝင်အသစ်နှင့် အသုံးချ သုတေသန ဆောင်ရွက်မည့်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာနနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အတွက်များစွာ အထောက်အကူပြု အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပြီး သုတေသနပြုလုပ်သူ ဝန်ကြီးဌာန၏ ဝန်ထမ်းတစ်ဦးချင်းအနေဖြင့်လည်း တွေးခေါ်စဉ်းစားမှု၊ အချက်အလက်အထောက် အထားကို အခြေခံ၍ ကျိုးကြောင်း ဆီလျော်ဆုံးဖြတ်နိုင်မှု စွမ်းရည်များ တိုးတက်လာမည် ဖြစ်ပါကြောင်း၊

• သုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် ကျင့်ဝတ်လိုက်နာဆောင်ရွက်မှုများသည် အဓိကကျ အရေးကြီးပါကြောင်း၊

• Responsible Conduct of Research (RCR) and Research Ethics အလုပ်ရုံဆွေးနွေးပွဲသင်တန်းတွင် ဆွေးနွေးသင်ကြားမည့် အကြောင်းအရာများသည် သုတေသနဆောင်ရွက်သူများ အတွက် အရေးကြီး သဖြင့် ကြိုးပမ်းလေ့လာ သင်ယူကြစေလိုပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ (၂၀၁၉-၂၀၂၀)ခု ဘဏ္ဍာရေးနှစ်အထိ သုတေသန ပြုလုပ်ရန် ရန်ပုံငွေ ကျပ်သန်းပေါင်း (၆,၀၀၀) ခွင့်ပြုချထားပေးခဲ့ပါကြောင်း၊ (၂၀၂၀-၂၁) ခု ဘဏ္ဍာနှစ်၌ လည်း သုတေသနရန်ပုံငွေ သန်း (၃,၀၀၀) လျာထားပါကြောင်း၊

• အဆိုပါ ရန်ပုံငွေများကို အသုံးချ၍ မိမိတို့ ဌာနများအသီးသီးတွင် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ၊ တာဝန်ခွဲဝေမှုဆိုင်ရာ၊ လုပ်ငန်းအဆင့်ဆင့်ဆိုင်ရာ စသည်တို့၏ အားနည်းချက်၊ အားသာချက်များကို သုတေသနဆန်းစစ်လေ့လာမှုများ ပြုလုပ်ကြခြင်း အပါအဝင် ဝန်ကြီးဌာန၏ လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး အသုံးချသုတေသနများဆောင်ရွက်ကြစေလိုပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) ရှိ သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာန (Research Capacity Strengthening Training Center) ၌ သုတေသန စွမ်းဆောင်ရည် မြှင့်တင်မှုသတင်တန်းအမျိုးမျိုးကိုလည်း ပြုလုပ်လျက်ရှိပါကြောင်း၊

• သင်တန်းတွင် သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်စေလိုပါကြောင်း၊ တစ်ဦးမှ မေးမြန်းသည်အား ပြန်လည်ဖြေကြားချက်များသည် မေးမြန်းသူအတွက်တင်သာမက အခြားသူများအတွက်လည်း အကျိုးရှိစေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က အမှာစကားပြောကြားခဲ့ပါသည်။

     အဆိုပါ Responsible Conduct of Research (RCR) and Research Ethics အလုပ်ရုံဆွေးနွေးပွဲသင်တန်းကို ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တွင် (၇-၇-၂၀၂၀) ရက်မှ စတင်၍ (၅) ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပါသည်။

More Tags