တောင်ကြီးမြို့တွင် Quarterly State Level Steering Committee Meeting ကျင်းပ

တောင်ကြီးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်

     Access to Health Fund (State Health Grant) ၏ အထောက်အပံ့ဖြင့် Quarterly State Level Steering Committee Meeting ကို ဇွန်လ ၂၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ကုသ‌ရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒု-ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် သက်ဆိုင်ရာဌာနများမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ (၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

 

      အခမ်းအနားတွင် ရှမ်းပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအချိန်သည် COVID ကာလ ဖြစ်သဖြင့် မိမိတို့ ကျန်းမာရေးကိုလည်း ဂရုစိုက်ရန်လိုကြောင်း၊ ယခင်လုပ်နေကျလုပ်ငန်းများအပြင် COVID-19 ရောဂါကိုလည်း အထူးသတိပြုကာကွယ်ရန်လိုကြောင်း၊ ယခု ၂၀၂၀ခုနှစ် နှစ်ဝက်ပြီးဆုံးချိန်တွင် COVID-19 ကြောင့် လုပ်ဆောင်နေကျလုပ်ငန်းများ ကြန့်ကြာခဲ့ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ လစ်ဟင်းမှုမရှိစေရန်အတွက် ပြည်နယ်ရုံးနှင့်အတူ မိတ်ဘက်အဖွဲ့အစည်းများအနေဖြင့် အတူလက်တွဲဆောင်ရွက်ရန်ဖြစ်ကြောင်း၊ COVID ကာလအတွင်း ဝိုင်းဝန်းကူညီပေးခဲ့သူများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ COVID-19 သည် ရေရှည်ပြဿနာဖြစ်သည့်အတွက် ၎င်းပြဿနာကို ဂရုတစိုက် ဖြေရှင်းရင်း အခြားကျန်းမာရေးလုပ်ငန်းများကိုလည်း တတ်စွမ်းသရွေ့ အားထုတ်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မိတ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း လိုအပ်သည့်အကူအညီများရှိပါက ပြည်နယ်ကျန်းမာရေးရုံးသို့ အချိန်မရွေးလာရောက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်ပြီး ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိအိချောက COVID ကာလအတွင်း တီဘီရောဂါကာကွယ်ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်နယ်ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်အောင်မျိုးက COVID ကာလအတွင်း ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးပါသည်။ ထို့နောက် တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပြီး Fund Management Organization ဖြစ်သည့် UNOPS မှ Video Conferencing ဖြင့် ပါဝင်ဆွေးနွေးပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိလိုသည်များ ပြန်လည်ဆွေးနွေးကြပြီး အခမ်းအနားကို ညနေ ၅ နာရီတွင် ရုတ်သိမ်းလိုက်ပါသည်။

More Tags