ပင်းတယမြို့၌ ကျေးရွာအခြေပြု သွေးလွန်တုပ်ရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပင်းတယမြို့နယ်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၇) ရက်

     ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ် တောင်ရွှေပုထိုးကျေးလက်ကျန်းမာရေးဌာနခွဲမှ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များသည် ဌာနအပိုင် အင်လုံကျေးရွာတွင် ကျေးရွာအခြေပြု သွေးလွန်တုပ်ရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနခွဲမှ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များမှ ဦးဆောင်ကာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ စေတနာ့ဝန်ထမ်းလူငယ်များနှင့်ပူးပေါင်းပြီး ကျေးရွာလူထုကိုယ်တိုင် မိုးရာသီတွင် အမြဲဖြစ်နေကျဖြစ်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသိပညာပေးခဲ့ကြသည်။

 

     သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်စသည့် ကာကွယ်ရေးလုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင်ပါဝင်နိုင်ရန် တစ်အိမ်တက်ဆင်း အသိပညာပေးဆောင်ရွက် ခြင်း၊ အပတ်စဥ်စနေနေ့တိုင်း မိမိတို့အိမ်ပတ်ဝန်းကျင်နှင့် ကျေးရွာအတွင်း ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်နိုင်ရန်ပညာ​ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကိုလည်း ကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။ တစ်ဖန် ပင်းတယမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည် ဦးဆောင်ညွှန်ကြားမှုဖြင့် ပင်းတယမြို့ရှိ ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူလူထုကိုယ်တိုင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

More Tags