ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ရောဂါကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှုကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁၈) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အတူ ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သည့် "ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ရောဂါကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှု ကော်မတီ အစည်းအဝေး" သို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင် -

• လတ်တလောကာလတွင် မိမိတို့နိုင်ငံ၌ ပြည်ပမှ ပြန်လည်ဝင်ရောက်သူများ များပြားနေသော ကာလဖြစ်ပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည့် ကာလနှင့် တိုက်ဆိုင်နေပါကြောင်း၊

• စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အခါ ရပ်ကွက်၊ ကျေးရွာ၊ နေရာစုံမှ ကျောင်းသား/ သူများသည် နေရာတစ်ခုတည်းတွင် စုစည်းရောက်ရှိလာမည် ဖြစ်သဖြင့် ရောဂါကူးစက် ပြန့်ပွားမှု များမရှိစေရေး စနစ်တကျကိုင်တွယ် ဆောင်ရွက်ရန်မှာ အထူးအရေးကြီးပါကြောင်း၊

• နေအိမ်မှ ကျောင်းသို့ ရောဂါကူးစက်ခြင်းရှိနိုင်သကဲ့သို့ ကျောင်းတွင် ရောဂါကူးစက်ကာ နေအိမ်ရှိ မိသားစုများထံသို့ ထပ်ဆင့်ကူးစက်ခြင်းလည်း ရှိနိုင်သဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများကို သေချာစွာ စနစ်တကျလုပ်ဆောင်ထားရမည် ဖြစ်ပါကြောင်း၊

• ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် တစ်လျှောက်လုံးတွင်လည်း ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် စည်းကမ်းလိုက်နာ ဆောင်ရွက်မှုအခြေအနေများကို စောင့်ကြည့်ဆန်းစစ်ခြင်း (monitoring) အား ဆန်းစစ်ခြင်းစာရင်းပုံစံ (checklist) များ အသုံးပြု၍ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် မည်သူက မည်သည့်လုပ်ငန်းဆောင်ရွက်ရမည်၊ မည်သို့ သတင်းပေးပို့ရမည် စသည့်အချက်များအား လုပ်ငန်းအမျိုးအစားအလိုက် ဆန်းစစ်ခြင်းစာရင်းပုံစံ (checklist) များဖြင့် ဆန်းစစ်ရန် လိုအပ်ပြီးပါဝင်ရမည့် အချက်များကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲပြုစုနေသည်မှာ ကောင်းမွန်ပါ ကြောင်း၊


• တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပညာရေးနှင့် ကျန်းမာရေး တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘ ဆရာအသင်းဝင်များ ဆောင်ရွက်ရမည့် တာဝန်ခွဲဝေသတ်မှတ်မှု (division of labour) သည် အရေးကြီးပါကြောင်း၊

• ကျောင်းများပြန်လည်ဖွင့်လှစ်သည့် ပထမလသည် အရေးအကြီးဆုံးဖြစ်ပြီး စနစ်တကျ အားထုတ်ဆောင်ရွက်သွားပါက နောက်လများတွင် လုပ်ဆောင်မှုများ အသားကျကာ ပိုမို အဆင်ပြေ လာမည်ဖြစ်ပါကြောင်း၊

• ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် မိဘဆရာအသင်းဝင်များ၊ မြို့နယ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများ၏ COVID-19 ဆိုင်ရာ ကျန်းမာရေးအသိပညာ၊ ကျန်းမာရေးစာတတ်မြောက်မှု (health literacy) မြှင့်တင်ရေး လုပ်ငန်းများကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းများ ပြန်လည် မဖွင့်လှစ်မီကတည်းက အထူးအလေးထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို အတန်းခေါင်းဆောင်ကဖြစ်စေ၊ ကျောင်းသား/သူတစ်ဦးကဖြစ်စေ အခြား အတန်းတူ ကျောင်းသား/သူများအား အတန်းတွင်းပညာပေးဟောပြောခြင်း ဆောင်ရွက်ပါက ပိုမိုထိရောက်ရုံသာမက ကျောင်းသား/သူများအနေဖြင့် COVID-19 မကူးစက်စေရေးကိစ္စသည် မိမိတို့ တွင်လည်း တာဝန်ရှိသည်ဟူသော အသိစိတ်ဓာတ်များ ရရှိသွားမည်ဖြစ်ပါကြောင်း၊

• ထိုသို့ဆောင်ရွက်ခြင်းဖြင့် COVID-19 အပါအဝင် အခြားသောအသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများနှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ကြွယ်ဝလာမည်ဖြစ်ကာ ရေရှည်တွင် နိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက်များစွာ အကျိုးရှိမည် ဖြစ်ပါကြောင်း၊


• ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကာ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ အသီးသီးတို့အတွက် နေအိမ်မှ ကျောင်းသို့ လာချိန်၊ ကျောင်းစာသင်ခန်းသို့ သွားချိန်၊ စာသင်ကြားချိန်၊ မုန့်စားနားနေချိန်နှင့် ကျောင်းဆင်းချိန်တို့တွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ လုပ်ငန်းလမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်းများကို ကျောင်းများပြန်လည် မဖွင့်လှစ်မီ ရေးဆွဲပြီးဖြစ်သည့်အတွက် ကနဦးရှေ့ပြေး စမ်းသပ်ဆောင်ရွက်ခြင်း (pilot testing) ပြုလုပ်ပြီး လိုအပ်သလို ပြုပြင်ကာ အပြီးသတ်ရေးဆွဲ အတည်ပြုသွားမည် ဖြစ်ပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်များကို အခြေခံထားကာ မိမိတို့နိုင်ငံနှင့် ကိုက်ညီဆီလျော်စွာ မွမ်းမံ၍ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် COVID-19 ရောဂါဖြစ်ပွားမှုကို အတန်းတစ်ခုတွင် တွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း ကြိုတင် ရေးဆွဲချမှတ် ထားပြီး တာဝန်ရှိသူများ အားလုံးက သိရှိထားရမည် ဖြစ်ပါကြောင်း၊

• သက်ဆိုင်ရာ စာသင်ကျောင်းအလိုက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် မိဘဆရာအသင်းဝင်များသည် မြို့နယ် ပညာရေးနှင့် ကျန်းမာရေးတာဝန်ရှိသူများ လစဉ် တွေ့ဆုံညှိနှိုင်းပြီး COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စေရန် ပူးပေါင်းဆောင်ရွက် စေလိုပါကြောင်း၊

• စာသင်ကျောင်းများတွင် COVID-19 ကူးစက်ပြန့်ပွားမှုမရှိစေရေး စည်းကမ်းများနှင့် လမ်းညွှန်ချက်များ သတ်မှတ် ဆောင်ရွက်ခြင်းသည် ကျောင်းသား/သူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများ အကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်ကို သိရှိစေရန် အသိပေးရှင်းလင်း ပြောကြားမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင် ရမည်ဖြစ်ပါကြောင်း၊

• COVID-19 အန္တရာယ်ကင်းရှင်းစွာဖြင့် စာသင်ကျောင်းများ အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်သူများအားလုံး ညှိနှိုင်းပူပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက -

• COVID-19 ကာလဖြစ်စဉ်တွင် ကျန်းမာရေးရှုထောင့်၊ ပညာရေးရှုထောင့်၊ လူမှုစီးပွားရေး ရှုထောင့်စသည်ဖြင့် ရှုထောင့်စုံမှ လေ့လာဆန်းစစ်ကာ နိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် အသင့်တော်ဆုံးကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် နိုင်ငံတကာမှ ပညာရေးကဏ္ဍတာဝန်ရှိသူများနှင့် Video Conferencing စနစ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊

• မိမိတို့နိုင်ငံတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လုပ်ငန်းလမ်းညွှန်းများ၊ စည်းကမ်းချက်များကို ပြုစုရေးဆွဲထား ရှိပါကြောင်း၊

• စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းမပြုမီ ဖွင့်လှစ်နိုင်ရန် အချက်များ ကိုက်ညီမှုရှိ၊ မရှိ ဆန်းစစ်ခြင်းလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

• ကျောင်းများဖွင့်လှစ်ရာတွင် မဖြစ်မနေလိုက်နာရမည့် အချက်များကို လိုက်နာဆောင်ရွက်မှုရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• စာသင်ချိန်များကိုလည်း ကျောင်းသား/သူ အရေအတွက်အနည်းအများအလိုက် ပုံမှန်၊ တစ်ပတ်ခြား၊ တစ်ပတ်ခြား၍ ကျောင်းချိန် နှစ်သုတ်စသည်ဖြင့် အချိန်များခွဲကာ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊

• ဇူလိုင်လအတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် - (က) ကျောင်းသား/သူများနှင့် ဆရာ/မများ၊ ဝန်ထမ်းများ သင်ယူမှုမဆုံးရှုံးစေရေး အလေးထား ကာကွယ်ရန်၊ ကျန်းမာရေးနှင့် ညီညွတ်၍ လုံခြုံဘေးကင်းရန်တို့အတွက် စီမံဖြေရှင်းဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်၊ (ခ) ကျောင်းသား၊ ဆရာ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆)ပေ ကွာခြား၍ သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်ရေး၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက လုံခြုံဘေးကင်းရေး၊ ကျောင်းထွက်မှု အနည်းဆုံးဖြစ်ရေး၊ သင်ယူတတ်မြောက်မှု ပြန်လည်ကောင်းမွန်လာရေးတို့ကို စဉ်ဆက်မပြတ် အဆင့်ဆင့် စီမံကြီးကြပ် ဆောင်ရွက်သွားရန်၊ (ဂ) ပညာရေးစနစ် ယခင်ထက် အားကောင်းလာ၍ ပိုမိုမျှတစွာ ကောင်းမွန်လာရေး ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို အရှိန်အဟုန် မြှင့်တင်၍ အရည်အသွေး ပိုမိုကောင်းမွန်လာစေရေး ဆောင်ရွက်ရန်တို့အား ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး၊

• စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။


ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကျန်းမာရေးကဏ္ဍမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာသန်းနိုင်စိုးက မိဘ၊ ဆရာနှင့် ကျောင်းသားများလိုက်နာရမည့် အချက်များအား ရေးဆွဲ ပြုစုထားရှိမှုကိုလည်းကောင်း၊

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (ပတ်ဝန်းကျင်သန့်ရှင်းရေး) ဦးဌေးဝင်းက ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ငန်းလမ်းညွှန်အား ရေးဆွဲပြုစုထားရှိမှုကိုလည်းကောင်း၊

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး) ဒေါက်တာခိုင်ခိုင်စိုးက ပိုးသတ်သန့်စင်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်အား ရေးဆွဲပြုစုထားရှိမှုကိုလည်းကောင်း၊

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (သင်ကြား) ဒေါ်ချိုချိုဝင်းက ကျောင်းများတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်အား ရေးဆွဲပြုစုထားရှိမှုကို လည်းကောင်း၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဦးကိုလေးဝင်းက COVID-19 ကာလအတွင်း သင်ကြားသင်ယူမှု တိုးတက်ရေးဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကျောင်းကျန်းမာ) ဒေါက်တာဖြူဖြူအေးက COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ကျောင်းများဖွင့်လှစ်ရာတွင် နိုင်ငံတကာ၌ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များအားလည်းကောင်း၊

နေပြည်တော် ခုတင် (၁,၀၀၀) ပြည်သူ့ဆေးရုံကြီးမှ စိတ်ရောဂါအထူးကုဆရာဝန်ကြီး၊ ပါမောက္ခဒေါက်တာစန်းလွင်က COVID-19 ဖြစ်ပွားစဉ်ကာလအတွင်း ကျောင်းနေအရွယ် ကလေးငယ်များတွင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ မရှိစေရေးနှင့် ပုံမှန်ကာလများတွင်လည်း စာသင်ကြားရာ၌ စိတ်ကျန်းမာပျော်ရွှင်စွာဖြင့် သင်ကြားနိုင်ရေးအတွက်လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆွေးနွေးမှုများ၊ အကြံပြုမှုများ ဆောင်ရွက်ခဲ့ပါသည်။

More Tags