ဝန်ကြီးဌာန၏ COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ဝန်ကြီးဌာန၏ COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

     ရှေးဦးစွာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဌေးဌေးတင်က -

• ဝန်ကြီးဌာန၏ COVID-19 ဓာတ်ခွဲစစ်ဆေးမှုနှင့်ပတ်သက်၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) တို့တွင် ဓာတ်ခွဲစစ်ဆေးနေမှုအခြေအနေများ၊

• ဓာတ်ခွဲစက်ပစ္စည်းကိရိယာများအခြေအနေ၊

• COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် RT-PCR စက်၊ Cobas 6800 စက်တို့နှင့် တွဲဖက်အသုံးပြုရသည့် ဓာတ်ခွဲပစ္စည်းနှင့် ဓာတ်ကူပစ္စည်းများ လက်ကျန်စာရင်း၊
• ဓာတ်ခွဲစစ်ဆေးမှု ကုန်ကျစရိတ်များ၊

 

• ဓာတ်ခွဲစစ်ဆေးမှုလုပ်ငန်းများအတွက် ဓာတ်ခွဲပညာရှင်များ လိုအပ်မှု၊

• ဓာတ်ခွဲစစ်ဆေးမှုလုပ်ငန်းများအတွက် လှူဒါန်းမှုများမှ လက်ခံရရှိမှုများ၊

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (လားရှိုး) ကို အသစ်ဖွင့်လှစ်ရန် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊

• ဝန်ကြီးဌာနတွင် ရှိသော Gene Xpert စက်များကို အသုံးပြု၍ COVID-19 ဓာတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ဆောင်ရွက်ရန် ကိစ္စရပ်များ အပါအဝင် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာထင်လင်းက -

• ဓာတ်ခွဲစစ်ဆေးရာတွင် တွဲဖက်အသုံးပြုရသည့် ဓာတ်ခွဲပစ္စည်းနှင့် ဓာတ်ကူပစ္စည်းများ ဝယ်ယူထားရှိမှုနှင့် ထပ်မံမှာယူထားရှိမှု အခြေအနေများကို တင်ပြခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားရာတွင် -

• COVID-19 တွင်သာမကဘဲ အခြားရောဂါအမျိုးမျိုးကို စစ်ဆေးရာတွင်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများမှ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများတွင် လည်းကောင်း ဓာတ်ခွဲစစ်ဆေးမှုလုပ်ငန်းများသည် အရေးကြီးပါကြောင်း၊

• ယခု COVID-19 ဖြစ်စဉ်တွင် ဓာတ်ခွဲစစ်ဆေးမှုများ၊ ဓာတ်ခွဲခန်းတိုးချဲ့ဆောင်ရွက်မှုများ အပါအဝင် လုပ်ငန်းများအား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

 

• COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် တွဲဖက်အသုံးပြုရသည့် ဓာတ်ခွဲပစ္စည်းနှင့် ဓာတ်ကူပစ္စည်းများကို ကမ္ဘာတစ်ဝန်းမှ ဝယ်ယူနေချိန်ဖြစ်သဖြင့် ဝန်ကြီးဌာန၏ ဓာတ်ခွဲဌာနများတွင် ပြတ်လပ်မှုမရှိစေရေး အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲတို့ အမြဲချိတ်ဆက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အလိုက်၊ သံသယ/ စောင့်ကြည့်လူနာ၊ အသွားအလာကန့်သတ်ထားရှိသူနှင့် လူနာနှင့် ထိတွေ့ခဲ့သူတို့၏ ဓာတ်ခွဲနမူနာ အမျိုးအစားအလိုက် ပေးပို့စစ်ဆေးရန် ဓာတ်ခွဲဌာနကို စနစ်တကျသတ်မှတ်ထားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာထင်လင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာထွန်းတင် နှင့် တာဝန်ရှိသူများက COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအတွက် ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေး ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ကြပါသည်။

More Tags