Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီသို့ လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၃) ရက်နေ့

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇွန်လ (၃) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

     ရှေးဦးစွာ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရန် မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် လားရှိုးမြို့များရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနများသို့ ဓာတ်ခွဲစက် ကိရိယာများလှူဒါန်းရန်အတွက် ဝယ်ယူတင်သွင်းမှုဖြစ်မြောက်ရေးကိစ္စရပ်များကို Kinnected Myanmar မှ National Director Dr. Naw Jar က ရှင်းလင်းပြောကြားခဲ့ပါသည်။

     ဆက်လက်၍ အလှူရှင် မန္တလေးမြို့ပြဖွံ့ဖြိုးရေးရန်ပုံငွေရှာဖွေရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းနှင့် အလှူရှင် ဝေအောင်ကမ္ဘာကျောက်မျက်ကုမ္ပဏီလီမိတက်၊ ဥက္ကဋ္ဌကိုယ်စား Director ဒေါ်နွေးနွေးလှိုင် တို့က လှူဒါန်းရသည့် အကြောင်းရင်းအား အသီးသီးရှင်းလင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို ကျေးဇူးတင်စကားပြောကြား ခဲ့ရာတွင် -

• ယခုကဲ့သို့ ဓာတ်ခွဲခန်းစက်ကိရိယာများကို လှူဒါန်းမှုသည် COVID-19 လူနာများအတွက် သာမက အခြားရောဂါဖြင့် ကုသမှုခံယူရသော လူနာများအတွက်လည်း ရေရှည်တွင် အကျိုးရှိစေမည် ဖြစ်ပါကြောင်း၊

• ဤကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ် ဓာတ်ခွဲခန်းများ အဆင့်မြင့်လာခြင်းဖြင့် COVID-19 ရောဂါရှာဖွေကုသမှုအတွက် လည်းကောင်း၊ ရောဂါဖြစ်ပွားသူနှင့်ထိတွေ့သူများတွင် ရောဂါကူးစက်မှု ရှိ၊ မရှိ စစ်ဆေးမှုများ အတွက်လည်းကောင်း ပိုမိုလွယ်ကူလျင်မြန်စွဦ အသုံးပြုနိုင်မည်ဖြစ်ပြီး ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများ အတွက်များစွာ အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ယခုအချိန်တွင် လူမှုရေးအသင်း အဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

     ထိုသို့လှူဒါန်းမှုများတွင် -

• မန္တလေးမြို့ပြဖွံ့ဖြိုးရေးရန်ပုံငွေရှာဖွေရေးကော်မတီမှ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) သို့ ကျပ်ငွေ (၈,၀၉၂) သိန်းခန့် တန်ဖိုးရှိ ဓာတ်ခွဲခန်းစက်ကိရိယာ (၂) စုံ၊

• ဝေအောင်ကမ္ဘာကျောက်မျက်ကုမ္ပဏီလီမိတက်မှ မော်လမြိုင်၊ တောင်ကြီးနှင့် လားရှိုးမြို့များရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနများသို့ ကျပ်ငွေ (၉,၂၄၂) သိန်းခန့် တန်ဖိုးရှိ ဓာတ်ခွဲခန်းစက်ကိရိယာ (၃) စုံ တို့အား လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

More Tags