COVID- 19 ရောဂါကာကွယ်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအပေါ် ပြည်သူလူထုမှလိုက်နာမှု အခြေအနေကို စစ်တမ်းကောက်ယူခြင်း၏ ပဏာမတွေ့ရှိချက်များကို အသိပေးဖြန့်ဝေတင်ပြခြင်း

COVID- 19 ရောဂါကာကွယ်ရန် အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ အပေါ် ပြည်သူလူထုမှလိုက်နာမှု အခြေအနေကိုစစ်တမ်းကောက်ယူခြင်း၏ ပဏာမတွေ့ရှိချက်များကို တင်ပြအပ်ပါသည်။ ယခုစစ်တမ်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင် ၇.၅.၂၀၂၀ ရက်နေ့မှ ၂၃.၅.၂၀၂၀ ရက်နေ့ထိ လူပေါင်း (၁၃၆၆၃) ဦး ဖြေဆိုခဲ့ကြပြီးဖြစ်ပါသည်၊၊

ဖြေဆိုသူများ၏ ပျမ်းမျှအသက်မှာ (၃၄)နှစ် (၁၂ နှစ်မှ ၇၅ နှစ်အထိ) နှင့် ဘွဲ့ရသူ အများစု ဖြစ်ပြီး ၅၆% မှာ အမျိုးသမီးများ ဖြစ်ကြပါ သည်၊၊ ဖြေဆိုသူလေးယောက်တွင် သုံးယောက်မှာ ရန်ကုန်တိုင်း သို့မဟုတ် မန္တလေးတိုင်း ဒေသကြီးတို့မှ ဖြစ်ကြပါသည်။

I. လက်ဆေးခြင်းအလေ့အထ (Hand washing)
o ငါးဦးလျှင် သုံးဦးမှာနှာချေ၊ ချောင်းဆိုး၊ နှပ်ညှစ်ပြီးလျှင် လက်ဆေးကြ ပါသည်။
o လူနှစ်ဦးလျှင်တစ်ဦးမှာ လက်ဆေးရာ တွင် ကြာချိန်စက္ကန့် (၂၀) မပြည့်ပါ။
o အများစုမှာ လက်ဆေးရန် အခက်အခဲမရှိကြသော်လည်း အဓိကအခက်အခဲမှာ ‘မေ့လျော့ခြင်း’ ကြောင့် ဖြစ်ပါသည်။

II. နေ့စဉ်လူမှုဘဝတွင် ခပ်ခွာခွာနေထိုင်ခြင်း (Social Distancing)
o ဖြေဆိုသူငါးဦးလျှင်လေးဦးမှာ အိမ်တွင်အတူနေသူများနှင့် လည်းကောင်း၊
o လေးဦးလျှင်သုံးဦးမှာ အပြင်လူများနှင့်လည်းကောင်း နေ့စဉ်လူမှုဘဝတွင် ခပ်ခွာခွာ နေထိုင်ခြင်းကို လက်တွေ့ကျင့်သုံး နေကြခြင်း မရှိကြပါ။
(ခြောက်ပေခန့်ခြား၍ ခပ်ခွာခွာနေထိုင်ခြင်း မရှိကြပါ။)

III. အိမ်တွင်နေထိုင်ခြင်း (Stay at Home)
o သင်္ကြန်ပိတ်ရက်အပြီးမှ မေလဒုတိယအပတ်အထိတွင် လေးဦးအနက် သုံးဦးမှာ အပြင်သွားကြပါသည်။
o ၈၀% မှာ အစားအသောက်နှင့်ဆေးဝါးစသည့် မရှိမဖြစ်လူသုံးပစ္စည်းများ ဝယ်ရန်ဖြစ်ပါသည်။
o အပြင်သွားသူများ၏ ၈၀% သည် နှာခေါင်းစည်း (Mask) ကိုအမြဲတမ်းတပ်ဆင်ကြပါသည်။

IV. နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း
o နှာခေါင်းစည်း (Mask) တပ်ဆင်သူများ၏ တဝက်ခန့် (၄၅%) မှာ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း နှင့် (၃၉%) မှာ ခွဲစိတ်ခန်းသုံး ဟုတ်မဟုတ် မသေချာသော ၂ လွှာ (သို့မဟုတ်) ၃ လွှာ နှာခေါင်းစည်းကို တပ်ဆင်ကြပါသည်။
o (၁၁.၅%) မှာမူ အဝတ်နှာခေါင်းစည်းများကို တပ်ဆင်ကြပါသည်။
o ဝယ်ရခက်ခြင်းနှင့် ဈေးကြီးခြင်းသည် နှာခေါင်းစည်း (Mask) အသုံးပြုရန် အဓိက အခက်အခဲများ ဖြစ်ကြပါသည်။

V. သတင်းအချက်အလက်များရရှိမှု (Source of Information)
ဖြေဆိုသူများသည်COVID-19 နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၏ ၈၆% ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Facebook စာမျက်နှာမှရရှိကြပါသည်။

ခြုံငုံသုံးသပ်ချက်
COVID- 19 ရောဂါကာကွယ်ရန် အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ (အထူးသဖြင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း) ကို စစ်တမ်းဖြေဆိုသူပြည်သူလူထုကြားတွင် ပူးပေါင်းပါဝင် လိုက်နာမှုမှာ အထိုက်အလျောက်အားကောင်းပါသည်။

လက်ဆေးခြင်းနှင့်ပတ်သတ်၍ သတ်မှတ်ထားသောအချိန်ပြည့်အောင် စနစ်တကျဆေးရန်နှင့် နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းတို့ကို တတ်နိုင်သရွေ့ပိုမိုလိုက်နာရန် လိုအပ်နေပါသည်။

နေ့စဉ်ဘဝတွင်ခပ်ခွာခွာနေခြင်းကို လက်တွေ့လိုက်နာရာတွင် တစ်ခါတရံ အခက်အခဲများ ရှိနိုင်သည့်အလျောက် အခြားကာကွယ်နည်းလမ်းများဖြစ်သည့် စနစ်တကျလက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် လူစုလူဝေးရှောင်ကြဉ်ခြင်းတို့ကို ပိုမိုဂရုပြု၍ ဆက်လက် လိုက်နာသွားရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ သို့မှသာ COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းကို ထိရောက်စွာ တားဆီးကာကွယ်နိုင်မည်ဖြစ်ပါသည်။

သုတေသနနှင့် ပတ်သက်၍သော်လည်းကောင်း၊ တွေ့ရှိချက်များနှင့် ပတ်သက်၍သော်လည်းကောင်း အကြံပြုလိုသည်များရှိပါက ဤ post ၏ comment အောက်တွင်ရေးသား အကြံပြုနိုင်ပါသည်။

ယခု သုတေသနတွင် ပါဝင်ဖြေ ဆိုခြင်း မပြုရသေးပါက အောက်ပါ Link မှ တစ်ဆင့် ၂၀၂၀ခုနှစ် ဇွန်လ (၇) ရက်နေ့မတိုင်မီ ပါဝင်ဖြေဆိုပေးပါ ရန်မေတ္တာရပ်ခံအပ်ပါသည်။
ဖြေဆိုပေးသူတစ်ဦးချင်းစီအား ကျေးဇူးအထူးတင်ရှိပါသည်။

ဖြေဆိုရန် Link (ကြိုက်နှစ်သက်ရာ တစ်ခုကိုရွေးချယ်ဖြေဆိုနိုင်ပါသည်။)
Unicode (ပြည်ထောင်စု) - https://forms.gle/7LrkhiC5xgu2oqhs7
Zawgyi (ဇော်ဂျီ) - https://forms.gle/DCoqcYW2vQiZE6FK9
သုတေသန လူမှုကွန်ရက်စာမျက်နှာ Facebook page link - https://web.facebook.com/permalink.php?story_fbid=109113750804593&id=108935260822442

 
 

 

 

More Tags