အမျိုးသားကျန်းမာရေး အာမခံစနစ် ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သုံးသပ်ခြင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၂) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သည့် "ပြည်သူ့လွှတ်တော်၌ အတည်ပြုထားသော အဆိုဖြစ်သည့် အမျိုးသားကျန်းမာရေးအာမခံစနစ် ပေါ်ပေါက်လာရေး" အတွက် ဆောင်ရွက်ထားရှိမှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သုံးသပ်ခြင်း အစည်းအဝေးသို့ တက်ရောက် ဆွေးနွေး ခဲ့ပါသည်။

     အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် -

• ယခုအခါတွင် လူဦးရေတိုးပွားလာခြင်း၊ ရောဂါအသစ်အဆန်းများပေါ်ပေါက် ဖြစ်ပွား လာခြင်း၊ ကျန်းမာရေးနှင့်မညီညွှတ်သော နေထိုင်စားသောက်မှုပုံစံများကြောင့် မကူးစက် တက်သော ရောဂါများ ဖြစ်ပွားမှု ပိုမိုများပြားလာခြင်း၊ ခေတ်မီ ဆန်းပြားသည့် ဆေးကုသရေး နည်းစနစ်များနှင့် အဆင့်မြင့် ခေတ်ပေါ်ဓါတ်ခွဲ စစ်ဆေးသည့် ရောဂါရှာဖွေရေး စက်ပစ္စည်းကိရိယာများ ပေါ်ပေါက်လာခြင်းကြောင့် ဆေးကုသရာ၌ ငွေကြေးကုန်ကျမှု ပိုမိုများပြားလာခြင်း၊ ပဋိဇီဝဆေးယဉ်ပါးသည့် ရောဂါများပေါ်ပေါက်လာခြင်းစသည့် အမျိုးမျိုးသော အကြောင်းအရာများကြောင့် နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်အားလုံးကို စိုက်ထုတ်ကျခံရန် အလွန် ခက်ခဲလာပါကြောင်း၊

• သို့ဖြစ်၍ မိမိတို့နိုင်ငံတွင် နိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် သင့်တော်ကိုက်ညီသည့် ကျန်းမာရေးအာမခံစနစ်ကောင်းတစ်ရပ် ပေါ်ပေါက်လာရေးကို ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊

 

• ကျန်းမာရေးအာမခံစနစ်ကောင်းတစ်ရပ် ပေါ်ပေါက်လာရန်မှာ ချက်ချင်းဆောင်ရွက်၍ ရသည့် ကိစ္စရပ်မျိုးမဟုတ်ဘဲ အချိန်ယူဆောင်ရွက်ရသည့်ကိစ္စဖြစ်သည်ကို ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများမှ ကျန်းမာရေးအာမခံစနစ်များကို လေ့လာကာ သိရှိနိုင်ပါ ကြောင်း၊

• မိမိတို့နိုင်ငံတွင် အမျိုးသားကျန်းမာရေးအာမခံစနစ်တစ်ခု ပေါ်ပေါက်လာရေး တွင် ထည့်သွင်းစဉ်းစားရမည့်အချက်များမှာ -

o လက်ရှိကျန်းမာရေးစနစ်၏ လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေ၊ အထူး သဖြင့် ဆေးရုံများ တွင် ကုသမှုပေးနေသည့် အခြေအနေ အဆင့်အတန်း၊

o နိုင်ငံ၏စီးပွားရေး၊ ငွေကြေး ဘဏ္ဍာရေးအခြေအနေနှင့် ဦးတည်ချက် လားရာ၊

o ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုရယူခြင်းအပေါ် ခံယူချက်၊ နားလည်မှု၊ အဆင့် အတန်းနှင့် အတိုင်းအတာ၊

 

o နိုင်ငံအတွင်း လက်ရှိဖြစ်ပွားလျက်ရှိသော ရောဂါအမျိုးအစားများ၊ ဖြစ်ပွားမှု ပမာဏနှင့် အနာဂတ်တွင် ဖြစ်ပွားနိုင်မှုအလားအလာ အခြေအနေများကို ထည့်သွင်းလေ့လာသုံးသပ်ရန် လိုအပ်ပါကြောင်း၊

• အဆိုပါအချက်များသည် မိမိတို့အကောင်အထည်ဖေါ်မည့် အမျိုးသားကျန်းမာရေး အာမခံ စနစ်နှင့် ပုံသဏ္ဍာန်ကို ထပ်ဟပ်ပုံဖေါ် လွှမ်းမိုးမည်ဖြစ်ပါကြောင်း၊

• ထိုသို့ဆောင်ရွက်နိုင်ရန် ကမ္ဘာ့နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆောင်ရွက်နေသော ကျန်းမာရေးအာမခံ စနစ်အသီးသီးကိုလေ့လာရမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးပြီး ချမ်းသာကြွယ်ဝသော နိုင်ငံကြီးများတွင် ဆောင်ရွက်နေသော စနစ်ဖြင့် မိမိတို့နိုင်ငံတွင် ဆောင်ရွက်ရန်မှာ အံဝင်ခွင်ကျ မဖြစ်နိုင်သည်ကို သတိပြုရမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးအာမခံစနစ်တွင် တစ်ဦးချင်းစီမှ ကိုယ်ကျိုးအတွက် စနစ်ကိုအလွဲသုံးစားပြုလုပ်လာနိုင်သည့် အခြေ အနေများကိုလည်း ကြိုတင်မျှော်မှန်း စဉ်းစားပြီး ကာကွယ်ဟန့်တားရေး အစီအမံများ ကို ချမှတ်ထားရန်လိုအပ်ပါကြောင်း၊

 

• အမျိုးသားကျန်းမာရေးအာမခံစနစ် အကောင်အထည်ဖေါ်ရေးနှင့်စပ်လျဉ်း၍ မိမိတို့ဆေးရုံ များ၏ ဝန်ဆောင်မှုပေးနိုင်သော အသင့်အနေအထား ရှိ/ မရှိ အခြေအနေကိုလည်း ဘက်စုံ ထောင့်စုံမှ သုံးသပ်ရမည်ဖြစ်ပါကြောင်း၊

• လက်ရှိလူမှုဖူလုံရေးစနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် မည်သို့ဆောင်ရွက်သင့်သည်၊ အမျိုးသားကျန်းမာရေးအာမခံစနစ် တစ်ခုလုံးကို အစမှစတင်ဆောင်ရွက်မည့် အစား လက်ရှိ လူမှုဖူလုံရေးစနစ်ကိုသာ ပြုပြင်မွမ်းမံပြီး တိုးချဲ့ဆောင်ရွက်ရန် သင့်၊ မသင့် စသည့် အချက်များကိုလည်း မိမိတို့သေချာစွာ စဉ်းစားသုံးသပ်ရမည် ဖြစ် ပါကြောင်း၊

• နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃၆၇) တွင် "နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ မူဝါဒနှင့်အညီ ကျန်းမာ ရေးစောင့်ရှောက်မှုကို ခံယူခွင့်ရှိသည်ကို အထင်အရှား ပြဌာန်းထားပါကြောင်း"

• (၅-၆-၂၀၁၇) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းက "လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (Universal Health Coverage) ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဆင်းရဲနွမ်းပါးသူများအပါအဝင် နိုင်ငံသားတိုင်း ထိရောက်သည့် ကျန်းမာရေးဝန်ဆောင်မှုများ အချိန်မီရရှိစေရေး၊

 

ယင်းကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ရန်ပုံငွေများ လုံလောက်စွာရရှိနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံ ပူးပေါင်းပါဝင်ဆောင် ရွက်သည့် အမျိုးသားကျန်းမာရေးအာမခံစနစ် (National Health Insurance System) တည်ထောင်ဆောင်ရွက်သွားရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်က အဆိုကိုအတည်ပြုခဲ့ပါကြောင်း၊

• ယင်းအဆိုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦး၏ ဆွေးနွေးချက်များကိုလည်း မိမိတို့အနေဖြင့် အသေးစိတ်သုံးသပ်ရန် လိုအပ်ပါကြောင်း၊

• မိမိတို့နိုင်ငံတွင် (၁၉၄၈) ခုနှစ်တွင် လွတ်လပ်ရေးရခဲ့ချိန်မှစ၍ ယခုအချိန်ထိ ကျန်းမာရေး အာမခံစနစ်ပေါ်ပေါက်လာရေးကို မလုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ မိမိအနေဖြင့် (၂၀၁၆) ခုနှစ်တွင် ကတည်းက ဤကိစ္စကို သိရှိခဲ့ပြီး ချက်ချင်းအကောင် အထည်ဖေါ်ရန် လိုအပ်ချက်များစွာရှိနေသည်ကို ဂရုပြုမိခဲ့ပါကြောင်း၊

• ယူကေနိုင်ငံတွင် အစိုးရမှ အပြည့်အဝထောက်ပံ့ပေးသောစနစ် ဖြစ်သည့် National Health Service (NHS) ကို (၁၉၄၈) ခုနှစ်မှကတည်းကစတင် တည်ထောင်ခဲ့ပြီး နိုင်ငံတော်အစိုးရမှ အခွန်အကောက်အမျိုးမျိုးမှရရှိသော ဘဏ္ဍာငွေဖြင့် အဓိကထောက်ပံ့ပေးနေသည်ကို တွေ့ရှိရပါကြောင်း၊

• မိမိတို့နိုင်ငံတွင်လည်း ကျန်းမာရေးကဏ္ဍတွင် ရန်ပုံငွေပိုမိုထောက်ပံ့ပေးနိုင်ရန် အခွန် အကောက်စနစ်ကို ပိုမိုတိုးတက်ကောင်းမွန်လာရန် ဆောင်ရွက်ရန်လိုအပ်နေပါကြောင်း၊

• ယူကေနိုင်ငံတွင် (၁၉၄၆) ခုနှစ်တွင် National Health Service Act ကိုပြဌာန်း ခဲ့ပါကြောင်း၊

 

• ယူကေနိုင်ငံတွင် Department of Health and Social Care အတွက် ဘဏ္ဍာ ရန်ပုံငွေသည် (၂၀၁၇) ခုနှစ်တွင် (၁၉၇.၄) ဘီလီယံပေါင်၊ GDP ၏ (၉.၆%)၊ ၂၀၁၈ ခုနှစ်တွင်(၂၁၄.၄) ဘီလီယံပေါင်၊ GDP ၏ (၁၀%) ရရှိခဲ့ပါကြောင်း၊

• မိမိတို့ နိုင်ငံတွင် နိုင်ငံတော်အစိုးရမှလည်း ကျန်းမာရေးအသုံးစရိတ်ရန်ပုံငွေ(budget) များကို (၂၀၁၅-၂၀၁၆) ခုနှစ်မှစ၍ နှစ်စဉ် တိုးမြှင့်ခွဲဝေချထားခဲ့ပါကြောင်း၊ (၂၀၁၉-၂၀၂၀) ခုဘဏ္ဍာနှစ်တွင် (၁,၁၁၈.၅) ဘီလီယံကျပ် (အမေရိ ကန်ဒေါ်လာ (၇၉၀)သန်းခန့်) ရရှိခဲ့ပါကြောင်း၊

• ဝန်ကြီးဌာနသည် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သည့် ကျန်မာရေးစောင့်ရှောက်မှု လုပ်ငန်းများရရှိစေရန် ပထမအဆင့်အနေဖြင့် အခြေခံအကျဆုံးသော ကျန်းမာရေး ဝန်ဆောင်မှုများကို အပြည့်အဝရရှိစေရန် လုပ်ဆောင်နေပါကြောင်း၊

• အခြားသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်သည့် ခွဲစိတ်ကုသရခြင်း၊ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ခေတ်ပေါ် ဓါတ်မှန်ရိုက်ခြင်း၊ ခေတ်ပေါ်နည်းစနစ်များဖြင့် ရောဂါရှာဖွေခြင်း၊ ဈေးကြီးသောနောက်ဆုံးပေါ်ဆေးဝါးများဖြင့်ကုသခြင်း၊ ကိုယ်အင်္ဂါအစားထိုး ကုသခြင်းများကို မည်သည့်ရန်ပုံငွေဖြင့် ကျခံမည်ကို စဉ်းစားရမည် ဖြစ်ပါကြောင်း၊

 

 အဆိုပါကိစ္စများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဘဏ္ဍာငွေအထောက် အပံ့ပေးမည့် အစီအမံ (Health Care Financing) နှင့် အမျိုးသားကျန်းမာရေး အာမခံဥပဒေများရှိမှ သာ ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဘဏ္ဍာငွေအထောက်အပံ့ပေးမည့် အစီအမံ (Health Care Financing)နှင့် ပတ်သက်၍ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပေးအဖွဲ့တစ်ခုကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲကြေညာစာတမ်း (NLD Manifesto) တွင်လည်း "နိုင်ငံတော်မှ ကျန်းမာရေး ဘဏ္ဍာငွေ (budget) များကို တိုးမြှင့် သုံးစွဲ၍ ပြည်သူများကျန်းမာရေးအတွက် ဆေးကုသစရိတ်များကို လျှော့ချနိုင်ရန်ဆောင်ရွက်ပါမည်" ဟုလည်းကောင်း၊
"ကျန်းမာရေးစောင့်ရှောက်မှုတွေကို လူထုထံသို့ လွယ်လွယ်ကူကူရောက် ရှိ လက်ခံရယူနိုင်သည့်အထိ ဆောင်ရွက်ရန်" ဟုလည်းကောင်း ပါရှိပါကြောင်း၊

• အမျိုးသားကျန်းမာရေးအာမခံစနစ် တည်ထောင်အကောင်အထည်ဖေါ်မည်ဆိုပါက ကနဦးရှေ့ပြေးစီမံချက်တစ်ခုကို စမ်းသပ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊

• စနစ်ဖြင့်ချဉ်းကပ်ဆောင်ရွက်ခြင်း၊ စနစ်တစ်ခုလုံးကို ထည့်သွင်းစဉ်းစားခြင်း (System approach, system thinking) များပြုလုပ်၍ ဘက်စုံထောင့်စုံမှ ရှုမြင် သုံးသပ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဤသို့ ကျန်းမာရေးအာမခံစနစ်ပေါ်ပေါက်ရန် ဆောင်ရွက်သည့်ကာလ တစ်ချိန်တည်း၌ ကုသရေးလုပ်ငန်းများကိုသာမက ရောဂါဖြစ်ပွားမှုများ ကျဆင်းစေရန် ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများကိုလည်း အလေးထားထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊

• သို့မဟုတ်ပါက ရောဂါဖြစ်ပွားမှုများ များပြားကာ ကျန်းမာရေးစနစ်ကြီးတစ်ခုလုံး ဝန်ပိကာ မနိုင်မနင်းဖြစ်မည်ဖြစ်ပါကြောင်း၊

• ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့်လည်း မိမိတို့၏ အမြင်များကို ပွင့်လင်းစွာဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများကို ဆောင်ရွက်စေလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

ထို့နောက် ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းက အမှာစကားပြောကြားရာတွင် -

• အမျိုးသားကျန်းမာရေးစနစ်ပေါ်ပေါက်လာပါက ဌာနတစ်ခုတည်းအတွက်သာမက နိုင်ငံ တစ်ခုလုံး၊ ပြည်သူအားလုံးအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း၊

• ထိုသို့ပေါ်ပေါက်လာရေးအတွက် အချိန်ယူဆောင်ရွက်ရမည်ဖြစ်သဖြင့် ပါဝင် ဆောင်ရွက်ကြ သူများအားလုံး အနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသား ကျန်းမာရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ (NIMU) မှ လက်ထောက်အတွင်းဝန် ဒေါက်တာသန့်စင်ထူးက -

• အမျိုးသားကျန်းမာရေး အာမခံစနစ် ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ၊

• နိုင်ငံအချို့တွင် ကျန်းမာရေးအာမခံစနစ်ထူထောင်ရာတွင် နှစ်ကာလများစွာ အချိန်ယူကာ အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး အားနည်းချက်များကိုလည်း အဆင့်ဆင့်မွမ်းမံဆောင်ရွက်ခဲ့ သဖြင့် ကောင်းမွန်သည့် စနစ်ကို ထူထောင်ဆောင်ရွက်ခဲ့မှု၊

• နိုင်ငံအချို့ရှိ ကျန်းမာရေးအာမခံစနစ်တွင်မူ အလောတကြီးဆောင်ရွက်ခဲ့သဖြင့် ကျန်းမာရေး အာမခံစနစ်အတွက် လိုအပ်ချက်များ မကိုက်ညီခြင်းနှင့် စနစ်တွင် အားနည်းချက်များ ပြည့်နှက်ကာ ကျရှုံးမှုများ ရင်ဆိုင်နေရမှု၊

• ကျန်းမာရေးအာမခံစနစ်ကောင်းတစ်ရပ် ထူထောင်ရန် ထည့်သွင်းစဉ်းစားရမည့် အရေးကြီးအချက်များ၊

• လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှု (UHC) ဥပဒေတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အဖွဲ့အစည်း၊ ကျန်းမာရေးစောင့်ရှောက်မှုကို ငွေကြေးသတ်မှတ်ဝယ်ယူသည့် အဖွဲ့အစည်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး သတ်မှတ်ရေးအဖွဲ့ ဟူ၍ သီးခြားသတ်မှတ်ပြဌာန်းရန် ကိစ္စ၊

• မိမိတို့နိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Health Policy Advisor က Mr. Lluis Vinyals -

• အမျိုးသားကျန်းမာရေးအာမခံစနစ် ဥပဒေ ရေးဆွဲအကောင်အထည်ဖော်ခြင်းတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ တင်ပြဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ကထိကများက ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ပါသည်။

More Tags