ရမည်းသင်းမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ရပ်နားထားသော ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ပြန်လည်စတင်ထိုးနှံပေး

ရမည်းသင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁ ရက်

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့်ဧပြီနှင့်မေလများတွင် ရပ်နားထားသော ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ၂၀၂၀ပြည့်နှစ်၊ ဇွန်လ (၁) ရက်မှစတင်၍ ပြန်လည်ထိုးနှံခြင်းများကို သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနခွဲ၊ ရပ်ကွက်/ကျေးရွာများအလိုက် လူစုခွဲကာဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ ရမည်းသင်းမြို့နယ်အနေဖြင့် ရပ်ကွက်/ ကျေးရွာအခြေပြု ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနှင့် မေလများတွင် ပုံမှန်ကာကွယ်ဆေးမရရှိခဲ့သော ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များ (၁၁၆၅)ဦး၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးလုံးဝမရရှိသေးသော (သို့မဟုတ်) အကြိမ်ပြည့်မရရှိသော (၅) နှစ်အောက်ကလေးငယ်များ (၄၁၆၃) ဦးအားလုံးကို ဇွန်လ (၁) ရက်နေ့မှစ၍ သတ်မှတ်သော နေရာ များတွင် လူခွဲ၍ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးလာရောက်ထိုးနှံမည့် မိဘအုပ်ထိန်းသူများအနေဖြင့် ဆေးထိုးစုရပ်သို့လာရောက်ရာတွင် Mask၊ Face Shield များ တပ်ဆင်လာကြရန် လိုအပ်ကြောင်း၊ စုရပ်တိုင်းတွင် လက်ဆေးဆပ်ပြာ၊ ရေများအဆင့်သင့်ထားရှိပေးထားပြီး လက်ဆေးပြီးမှ စုရပ်အတွင်းသို့ဝင်ရောက်ကြရမည်ဖြစ်ပါသည်။ မြို့နယ်အနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအလိုက် တစ်ရက် လူ (၅၀) ဦးနှုန်းဖြင့် လူဦးရေအရေအတွက်နှင့်အညီ ရက်များသတ်မှတ်ကာနေ့စဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

More Tags