ကချင်ပြည်နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် ပြန်လည်ဆောင်ရွက်ခြင်းကို ကွင်းဆင်းကြီးကြပ်

မြစ်ကြီးနားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်

     ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်များရှိ စုရပ်များတွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်နေ့မှ စတင်၍ COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ် ကာကလအတွင်းခေတ္တရပ်ဆိုင်းထားသည့် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်များ ပြန်လည်စတင်ဆောင်ရွက်လျက်ရှိရာ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ရှိ စုရပ်များသို့ ပြည်နယ်/ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများ သွားရောက်၍ ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

 

     ထိုသို့ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနော်ရှဲလ်ထာနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူသန့်တို့သည် မန်ခိန်ကျေးလက်ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန လက်အောက်ရှိ ကာကွယ်ဆေးထိုးစုရပ်များသို့လည်းကောင်း ၊ မြစ်ကြီးနားမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးနန္ဒာဆွေနှင့် လက်ထောက်ကျန်းမာရေးမှူး (၁) ဒေါ်သိင်္ဂီဝင်းတို့သည် မြို့သစ်ရပ်ကွက်၊ ခေမာသီရီ၊ မော်ဖောင်းနှင့် ပမ္မတီးရပ်ကွက်များရှိ ကာကွယ်ဆေးထိုးနှံ့တိုက်ကျွေးသည့် စုရပ်များသို့လည်းကောင်း အသီးသီး ကွင်းဆင်းကြီးကြပ်၍ လိုအပ်ချက်များလမ်းညွှန်မှာကြားခဲ့ပါသည်။

    ထို့ပြင် ခရိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခေါင်နော၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာထက်နိုင်အောင်နှင့် မြို့နယ်ကျန်းမာရေးမှူးဦးစိုးသန်းတို့သည် ဝိုင်းမော်မြို့နယ်ရှိ မဒိန် ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝူယန်ကျေးလက်ကျန်းမာရေးဌာနခွဲများရှိ စုရပ်များသို့လည်းကောင်း၊ ဝိုင်းမော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သိန်းမြို့နှင့် အဖွဲ့သည် အခြားကျန်ရှိနေသည့် ကာကွယ်ဆေးထိုးစုရပ်များတွင်လည်းကောင်း အသီးသီး ကွင်းဆင်းကြီးကြပ်၍ လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်လျက်ရှိပါသည်။

More Tags