ကျောက်ဆည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြင်စိုင်းရပ်ကွက်သို့ သွေးလွန်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ကျောက်ဆည်၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၆ ရက်

     မန္တလေးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသေဆုံးမှု လျော့နည်းစေရန် ရည်ရွယ်၍  တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်နှင့် ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းနွယ်(ရောဂါနှိမ်နင်းရေး) ၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ရပကန (ငှက်ဖျား)ဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာတင့်ဝေမှ Area Stratification and Risk Assessment of Dengue Infection in Kyaukse Township ရေးဆွဲပံ့ပိုးပြီး ကျောက်ဆည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်မှုဖြင့် ကျောက်ဆည် မြို့နယ်၊ မြင်စိုင်းရပ်ကွက်တွင် လူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး ကာကွယ်ရေးဆောင်ရွက်မှုကို ကျောက်ဆည်မြို့နယ် အခြေခံကျန်းမာရေးဝန်ထမ်းများ၊  သက်ဆိုင်ရာ နှီးနွှယ် ဌာနများမှ ဝန်ထမ်းများ၊ ကြက်ခြေနီဝန်ထမ်းများ၊ ရပ်ကွက်နေ စေတနာ့ဝန်ထမ်းများနှင့် နယ်မြေခံ အခြေခံကျန်းမာရေးကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ ယနေ့ ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၆) ရက်နေ့ နံနက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

 

ကွင်းဆင်းဆောင်ရွက်စဉ် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ဟန့်တားနိုင်ရန်အတွက် လိုအပ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ကာကွယ်ရေးလုပ်ငန်းများ အပါအဝင် ပိုးလောက်လန်းရှာဖွေစစ်ဆေးခြင်း၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လန်းသေဆေး အဘိတ်(Abate) ခတ်ပေးခြင်း၊ ရေလှောင်ကန်များအတွင်း လောက်လန်းစားငါးထည့်ခြင်း၊ ခြင်ပေါက်ပွားခိုအောင်းနိုင်သော နေရာများအား ရှင်းလင်းခြင်း(Cleaning Campaign) ၊  အသံချဲ့စက်၊ လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ပိုစတာများ အသုံးပြု၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့် Fever Surveillance ဆောင်ရွက်ခြင်း အစရှိသော ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags