ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့် မြန်မာအလုပ်သမားများအတွက် ကျန်းမာရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် Video Conferencing တွင် ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပါဝင်ဆွေးနွေး

မြစ်ကြီးနားမြို့ ၊ ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၆) ရက်

     ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့် ပြည်တော်ပြန် မြန်မာအလုပ်သမားများအတွက် ကျန်းမာရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ Video Conferencing အနေဖြင့် ၂၀၂၀ ပြည့်နှစ် မေလ (၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍဒေါက်တာနော်ရှဲ(လ်)ထာ၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာလှိုင်လှိုင်ဌေး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူသန့်နှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန် (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) မှ ဒေါက်တာဇက်လွမ်းခေါင်နှင့် အဖွဲ့တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

 

    အဆိုပါအစည်းအဝေးတွင် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လာသောသူများအတွက် ကျန်းမာရေးဌာနများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။

     ယခုအချိန်တွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေသော မြန်မာအလုပ်သမားများသည် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာနေပြီ ဖြစ်ပြီး အဆိုပါမြန်မာအလုပ်သမားများအနက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ မြန်မာအလုပ်သမားများသည် သက်ဆိုင်ရာနယ်စပ်မြို့ရှိ သတ်မှတ်ထားသောနေရာများတွင် အသွားအလာကန့်သတ်ခြင်းကို (၂)ညအိပ် (၃)ရက်ထားရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစီအမံဖြင့် နှာခေါင်းနှင့် အာခေါင်တို့ဖတ် (Swab) ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးသွားမည်ဖြစ်ပါသည်။

     ကျန်ရှိနေသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ မြန်မာအလုပ်သမားများအား သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ စီစဉ်သည့် မော်တော်ယာဉ်များဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာကွယ် (face shield) များ ဝတ်ဆင်ကာ ၎င်းတို့၏ နေရပ်သို့ စနစ်တကျ ပို့ဆောင်ရန်၊ နေရပ်ရှိ သတ်မှတ်ထားသောနေရာများတွင် အသွားအလာကန့်သတ်ခြင်းကို (၂၁)ရက်ထားရှိပြီးနောက် နေအိမ်တွင် အသွားအလာကန့်သတ်ခြင်း (၇)ရက်ဆက်လက်ထားရှိရန်နှင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများကို သက်ဆိုင်ရာပြည်သူ့ကျန်းမာရေးဦးစီးဌာန အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်တို့ကို တိုင်ပင်ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

More Tags