(၁၇) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် နိုဝင်ဘာလ (၁၇)ရက်နေ့၊ နေ့လယ်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ကျင်းပခဲ့သော (၁၇) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီ (17th Myanmar Health Sector Coordination Committee, M-HSCC) အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေး၌ မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီ၏ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေသကဲ့သို့ အခြားသော ကျန်းမာရေးလုပ်ငန်းများကိုလည်း ရပ်ဆိုင်းထား၍မရပါကြောင်း၊

• အထူးသဖြင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ မကူးစက်နိုင်သောရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ နှင့် ကျန်းမာရေးသတင်း အချက်အလက်လုပ်ငန်းများတွင် လစ်ဟာမှုမရှိစေရေးမှာ အရေးကြီးပါကြောင်း၊

• ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များကို အခြေအနေအရပ်ရပ်နှင့်အညီ ပုံဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီ အစည်းအဝေးမှ ဆွေးနွေးအကြံပြုချက်များသည် မဟာဗျူဟာများချမှတ်ရေးအတွက် အရေးကြီးပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ အစည်းအဝေးများမှ ထွက်ပေါ်လာသော လုပ်ဆောင်ရန် အကြံပြုချက်များကို အလေးအနက်ထားစဉ်းစားကာ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊

 

• ယခင်ပြုလုပ်ခဲ့သော မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီ အစည်းအဝေးများမှ ထွက်ပေါ်ခဲ့သော အကြံပြုချက်များအား မည်မျှအကောင်အထည်ဖော်ပြီးစီးမှု ရှိသည်ကိုလည်း ဆန်းစစ်သုံးသပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက် မန်နေဂျာများအနေဖြင့် မိမိတို့ကျန်းမာရေးစီမံချက်နှင့် သက်ဆိုင်သည့် အကြံပြုချက်များကို အလေးထားထည့်သွင်းစဉ်းစား ရှေ့လုပ်ငန်းများကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးမြှင့်တင်ရန် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများ၏ အခန်းကဏ္ဍကို အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီတွင် ပါဝင်သော ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် မတူညီသော ရှုထောင့်အမျိုးမျိုးမှ ရှေ့သို့ကြိုတင်မျှော်မှန်းသည့် အတွေးအမြင်များဖြင့် လက်တွေ့လုပ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များကို အကြံပြုကြစေလိုပါကြောင်း၊

• ဝန်ကြီးဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများကို ကော်မတီအဖွဲ့ဝင်များက ရှင်းလင်းစွာသိရှိ နားလည်ရေးမှာ အရေးကြီးပါကြောင်း၊

• ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများ၊ ရေးဆွဲထားသော မဟာဗျူဟာများနှင့် ကျန်းမာရေး စီမံချက်များမှ နှစ်ပတ်လည် အစီရင်ခံစာများအား ကော်မတီအဖွဲ့ဝင်များထံသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်း၊

 

• ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဝန်ကြီးဌာနမှ ထုတ်ဝေးထားသော (၂၀၁၆) ခုနှစ်၊ ဧပြီလမှ (၂၀၂၀) ပြည့်နှစ် မေလအထိ (၄) နှစ်တာကာလအတွင်း လုပ်ငန်းအောင်မြင်ဆောင်ရွက်ထားရှိမှုအခြေအနေများ စာအုပ်ကို လေ့လာကြည့်ရှုကြစေလိုပါကြောင်း၊

• အဆိုပါ စာအုပ်တွင် ဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သော လုပ်ငန်းများ ပြီးစီးအောင်မြင်မှုအခြေအနေများ၊

ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများပါဝင်သဖြင့် ကော်မတီအဖွဲ့ဝင်များအနေဖြင့် သိရှိ ပံ့ပိုးပါဝင် နိုင်မည်ဖြစ်ပါကြောင်း၊

• ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဝန်ကြီးဌာန ထံသို့ ရန်ပုံငွေများ ပိုမိုပေးအပ်လျက်ရှိပြီး ဝန်ကြီးဌာနအနေဖြင့် အဆိုပါ ရန်ပုံငွေများကို အကျိုးရှိထိရောက်စွာနှင့် ကျိုးကြောင်းဆီလျှော်စွာ အသုံးချဆောင်ရွက်လျက်ရှိပါကြောင်း၊

• ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲ အနေဖြင့် ရန်ပုံငွေများ ရရှိမှု၊ ခွဲဝေချထားသုံးစွဲမှု ပုံစံများကို လေ့လာသုံးသပ်ကာ ပြုစုဖြန့်ဝေစေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယခုအခါပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေ စနစ်တကျတပ်ဆင်ကြရေး လူထုကျန်းမာရေးအသိပညာပေးလှုပ်ရှားမှုကို စီမံချက်အသွင်ဖြင့် တစ်နိုင်ငံလုံး၌ ဆောင်ရွက်နေပါကြောင်း၊ အဆိုပါ လုပ်ငန်းများတွင်လည်း ကော်မတီအဖွဲ့ဝင် အဖွဲအစည်းများက မိမိတို့မှ သင့်ရာကဏ္ဍများ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း၊

• ကော်မတီတွင်ပါဝင်သော လုပ်ငန်းအဖွဲ့များ အချင်းချင်းလည်း ချိတ်ဆက်သတင်းပေးပို့ဖလှယ်မှုများ ဖြင့် ဆောင်ရွက်ကြစေလိုပါကြောင်း၊

• COVID-19 ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် ဆေးနှင့်ဆေးပစ္စည်းများ၊ ရန်ပုံငွေများ ပံ့ပိုးပေးခဲ့သည့် ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများ၊ အလှူရှင်များ အားလုံးကို ကျန်းမာရေးဝန်ထမ်းများ ကိုယ်စားကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီမှ တာဝန်ရှိသူများက - အဖွဲ့ဝင်အချို့သည် သက်ဆိုင်ရာ ဌာန/ အဖွဲ့အစည်းများတွင် အငြိမ်းစားယူခြင်း၊ တာဝန်ထမ်းဆောင်မှုကာလပြည့်မြောက်ခြင်းတို့ကြောင့် ကော်မတီကို ပြင်ဆင်ဖွဲ့စည်းရေးနှင့် ကော်မတီမှ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုနှင့် ပူးပေါင်းပံ့ပိုးဆောင်ရွက်မှု အစီအစဉ်ကိုလည်းကောင်း၊ မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍လည်းကောင်း အသီးသီး တင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများက ဆွေးနွေးအကြံပြုခြင်းများ လုပ်ဆောင်ခဲ့ကြပါသည်။

     ထို့နောက် Gavi- the Vaccine Alliance, World Bank, Access to health, USAID, ADB, JICA နှင့် UNOPS အဖွဲ့များမှ မြန်မာနိုင်ငံသို့ ရန်ပုံငွေနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပံ့ပိုးပေးအပ်နေမှုများ၏ နောက်ဆုံးအခြေအနေ (update) များကို တင်ပြခဲ့ပြီး တာဝန်ရှိသူများမှ အသီးသီးရှင်းလင်းတင်ပြဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

 

     ယင်းနောက် မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီ၊ ကူးစက်ရောဂါ ဆိုင်ရာအမှုဆောင်အဖွဲ့၊ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာညှိနှိုင်းရေးအဖွဲ့၊ ကျန်းမာရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ မကူးစက်နိုင်သောရောဂါဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့၊ ကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းအဖွဲ့၊ မျိုးဆက်ပွား၊ မိခင်နှင့် ကလေး၊ လူငယ်လူရွယ်ကျန်းမာရေးဆိုင်ရာ နည်းပညာ အထောက်အကူပြုအဖွဲ့နှင့် Myanmar Positive Group တို့က အဖွဲ့အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို အသီးသီးတင်ပြခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ ကြပါသည်။

     ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် -

• ယနေ့အစည်းအဝေးကဲ့သို့ မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခြင်းဖြင့် အချင်းချင်း ပိုမိုနားလည်သိရှိကာ ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များတွင် လုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်နေမှုများသည် အထူးအရေးကြီးပါကြောင်း၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများကို ပိုမိုဆောင်ရွက်စေလို ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း/ ပြည်ပမှ ရရှိလာသော ရန်ပုံငွေများကို ယခုထက်ပိုမို အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း အမျိုးအစားအလိုက် တာဝန်ယူ ချိတ်ဆက်ဆောင်ရွက်မည့်သူ (focal person) များ သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ကော်မတီအဖွဲ့ဝင် အဖွဲ့အစည်းများမှ ရရှိလာသော သတင်းအချက်အလက်များကို ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ကာ လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးချ ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊

• ကော်မတီ အဖွဲ့ဝင် အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ကြရာတွင် အသုံးပြုရသည့် အရင်းအမြစ်များ၊ လုပ်ငန်းဆာင်ရွက်ဖြစ်စဉ်၊ လုပ်ငန်းရလဒ်နှင့် လုပ်ငန်းအကျိုးရှိမှု ညွှန်ပြချက် (indicator) များဖြင့် အခြေအနေများဖြင့် အကဲဖြတ်ဆန်းစစ်လုပ်ဆောင်ကြစေလိုပါကြောင်း၊

• မိမိတို့အားလုံး၏ အဓိကရည်မှန်းချက်မှာ ရောဂါပြန့်ပွားမှုနှင့် သေဆုံးမှုများ လျော့နည်းကျဆင်း သွားရေး ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွင် ပါဝင်သော အဖွဲ့အစည်းများ အနေဖြင့် ဝန်ကြီးဌာန၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နေမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊

• ယနေ့ ဆွေးနွေးတင်ပြချက်များကို အလေးအနက်ထားစဉ်းစားကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

More Tags