မြန်မာ့အားကစားလောက ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက် မြင့်မားရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့သည့် နိဂုံးချုပ်အမှာစကား

ရန်ကုန်၊ အမျိုးသားအားကစားရုံ (၁)၊ သုဝဏ္ဏ။        (၁၃-၁၀-၂၀၁၈)

ဒီနေ့တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသည် မြန်မာ့အားကစားလောက ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအကျိုးရှိပြီး ယခုကဲ့သို့ ဆွေးနွေးညှိနှိုင်းပွဲမျိုးကိုလည်း (၆) လ တစ်ကြိမ်ခန့်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ယခုဆွေးနွေးပွဲတွင် ပြောကြားချက်များအရနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှာ ချိတ်ဆက်မှုများစွာရှိနေတာကိုလည်း အသိအမှတ်ပြုပါတယ်။

အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆)ကျောင်းနှင့် ပတ်သက်ပြီး အလုံးစုံခြုံငုံသုံးသပ်ဆန်းစစ်ပြီး ဆန်းသစ်သည့် အတွေးအမြင်၊ အကြံဉာဏ်များနဲ့ သိပ္ပံနည်းကျ ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်သွား ရမှာဖြစ်ပါတယ်။

Sports science နှင့် scientific approach to training ကို အထူးဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့်လည်း ဆောင်ရွက်သွားရပါမယ်။

အားကစားဖွံ့ဖြိုးတိုးတက်ရေးနဲ့ အောင်နိုင်မှုရရှိရေးမှာ နည်းပြများ၏ အခန်းကဏ္ဍနဲ့ အရည်အသွေးဟာ အလွန်အရေးကြီးတဲ့အတွက် နည်းပြများရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ကိုလည်း checklist နဲ့ ဆန်းစစ်အကဲဖြတ်ကာ ပိုမိုတိုးတက်မြင့်မားလာစေဖို့ ဆောင်ရွက်ရ ပါမယ်။

Exercise is Medicine ကို ယခုထက်ပိုမိုဆောင်ရွက်ခြင်းဖြင့် အားကစားတွင် စိတ်ဝင်စားကာ အားကစားအမျိုးမျိုးကို လေ့ကျင့်ကစားသူများလာပြီး ထူးချွန်တဲ့ အားကစားသမားများပေါ်ထွက်လာနိုင်မှာ ဖြစ်တဲ့ အတွက် ဤကိစ္စကို အထူးအလေးထား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အားကစားသမားများလေ့ကျင့်မှုပိုမိုကောင်းမွန်ရန်နှင့် အောင်မြင်မှုများ ပိုမိုရရှိစေရန်အတွက် အထူးအရေးကြီးသည့် အာဟာရဖွံ့ဖြိုးရေးကိစ္စရပ်များကိုလည်း အထူးလေးထား၍အရှိန်အဟုန်ဖြင့်စီမံချက် ရေးဆွဲ ဆောင်ရွက်လျက်ရှိပါတယ်။

အားကစားအဖွဲ့ချုပ်များအနေဖြင့် စာသင်ကျောင်းများ၊ တက္ကသိုလ်များတွင် အားကစားလေ့ကျင့်မှုများကို ပိုမိုစိတ်ဝင်စားမှုရရှိ စေရန် မည်သို့လုပ်ဆောင်သင့်သည်ကို ဝိုင်းဝန်းစဉ်းစားကြစေလိုပါတယ်။

အားကစားအဖွဲ့ချုပ်များကလည်း လိုအပ်ချက်များ၊ အခက်အခဲ များနှင့် အကြံပြုပြောကြားလိုသည်များကို ပြည်ထောင်စုဝန်ကြီး၏ အီးမေးလ် (myinthtwe@mohs.gov.mm) ထံ တိုက်ရိုက်ဆက်သွယ် ပြောကြားပြီး ပွင့်ပွင့်လင်းလင်း အကြံပြုနိုင်ပါတယ်။

နိုင်ငံတကာပြိုင်ပွဲများသွားရောက်ယှဉ်ပြိုင်ပြီး မြန်မာနိုင်ငံကို ပြန်လာတဲ့ အားကစားအဖွဲ့တွေကိုလေဆိပ်မှာကြိုဆိုဖို့ကိုလည်းပုံမှန် ပုံစံဖြင့် အမြဲတမ်းလုပ်ဆောင်ရပါမယ်။ အဲဒီလိုနိုင်ငံတကာ အားကစားပြိုင်ပွဲ တွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားအဖွဲ့များ၊ အားကစားသမားများကလည်း မြန်မာနိုင်ငံသို့ ပြန်ရောက်သည့်အခါ တစ်ပတ်အတွင်း မိမိတို့ မည်သည့်အကြောင်းအရာအချက်များကြောင့် အနိုင်ရရှိခဲ့သည် (သို့မဟုတ်) ရှုံးနိမ့်ခဲ့သည် ဆိုတာတွေကို သုံးသပ်၍ ဆန်းစစ်ဆွေးနွေးပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့တင်ပြ စေလိုပါတယ်။

မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များရဲ့ ရုံးခန်းများအပါအဝင် အားကစားခန်းမများ ပါဝင်တဲ့ ရုံးကြီး(Sports Administration Complex) တစ်ခုပေါ်ပေါက်လာရန် ကိစ္စများကိုလည်း အဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တိုင်ပင်ပြီး ဝိုင်းဝန်းလုပ်ဆောင်မှာ ဖြစ်ပါတယ်။

အားကစားလေ့ကျင့်ရေးပစ္စည်းကိရိယာများကို ပြည်တွင်းသို့ တင်သွင်းတဲ့အခါမှာ အခွန်ကင်းလွတ်ခွင့်ရရှိအောင်နှင့် အခြားကိစ္စများကိုလည်း အစိုးရ အဖွဲ့ထံတင်ပြ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အားကစားလောကပိုမိုအောင်မြင်ဖို့၊ ပြည်သူများရဲ့ စိတ်ပါဝင်စား အားပေးမှုပိုမိုရရှိစေဖို့ မီဒီယာများရဲ့ အခန်းကဏ္ဍကလည်းအရေးကြီးတဲ့အတွက် မီဒီယာများအနေဖြင့်လည်း အားကစားလေ့ကျင့်မှုများ၊ ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ အောင်ပွဲရရှိမှုများ စတာတွေကို ပြည်သူများထံ ယခုထက်ပိုမိုဖြန့်ဝေအသိပေးရန် တိုက်တွန်းလိုပါတယ်။

ပြည်သူများပိုမိုစိတ်ဝင်စားဖို့ ဆိုတာက ပြည်သူများစွာရှိတဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မုံရွာ၊ မော်လမြိုင်ကဲ့သို့သော မြို့ကြီးများမှာ ပြိုင်ပွဲများကျင်းပရမှာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း နေပြည်တော်တွင် ကျင်းပတဲ့အခါမှာ ပွဲကြည့်ပရိတ်သတ် အလွန်နည်းပါတယ်။ လေ့ကျင့်မှုများကိုလည်း နေပြည်တော် တစ်ခုတည်းမထားဘဲ ရန်ကုန်၊ မန္တလေး ကဲ့သို့ မြို့ကြီးများမှာ ပြုလုပ်သင့်တယ်လို့ တင်ပြတဲ့ အားကစား အဖွဲ့ချုပ်များရဲ့ ပြောကြားချက်များမှာလည်း မှန်ကန်ပါတယ်။

ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးတွေမှာမည်သူမဆို အခမဲ့၊ မည်သည့်အချိန်၊ မည်သည့်နေရက်များတွင် အားကစားလေ့ကျင့်မှု ပြုလုပ်နိုင်တယ်ဆိုတာကို ပြည်သူများသိရှိအောင် ကြေငြာရမှာဖြစ်ပြီး အားကစား လေ့ကျင့်ရေးကွင်းများနှင့် Sports complex အငယ်စားများ ထပ်မံ၍ တည်ဆောက်သွားဖို့ကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်များနဲ့ ဆက်သွယ် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ရန်အတွက်လည်း (၂၀၁၈-၂၀၁၉) ခုနှစ်ဘဏ္ဍာနှစ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနကို မြန်မာငွေ (၂၃) ဘီလီယံကျပ်ခန့် ထပ်ဆောင်းပေးထားပြီး ဖြစ်ပါတယ်။

အားကစားလောကရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအားကစားမူဝါဒ (National Sports Policy) တစ်ရပ် ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် အထူးလိုအပ်ပါတယ်၊ အဆိုပါ အမျိုးသား အားကစားမူဝါဒသည် အမျိုးသား ပညာရေးမူဝါဒ၊ အမျိုးသားကျန်းမာရေးမူဝါဒများနှင့် ချိတ်ဆက်မှုရှိရန် လိုအပ်ပြီး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်ကိုလည်း အထူးအရေးကြီးပါတယ်။ အမျိုးသားအားကစားမူဝါဒကို ချမှတ်ပြီးပါက ယခုထက်ပိုမိုထိရောက်သော မဟာဗျူဟာ၊ နည်းဗျူဟာများကို ဝန်ကြီးဌာနများ အားလုံးနှင့် လည်းကောင်း၊ အဖွဲ့ချုပ်များနှင့် ပေါင်းစပ်၍ လည်းကောင်း မလုပ်မဖြစ် လုပ်ရတော့မှာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် အစိုးရအဖွဲ့ထံတင်ပြ ခွင့်ပြုချက် ရယူဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်း ယခု Seminar ၌ဆွေးနွေးပြီး ဖြစ်တဲ့အတွက် မိမိအနေနှင့် အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီလိုအားကစားလောက ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပိုမိုအောင်မြင်မှု ရရှိရေးတို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်း လုပ်ဆောင်၍ မရပါဘူး၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအပါအဝင် ကျန်ဝန်ကြီးဌာနများအားလုံးနှင့် ပြည်သူများအားလုံးကနေပြီးတော့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မှုရရှိမှာ ဖြစ်ပါတယ်။

ဝန်ကြီးဌာနအနေဖြင့် အားကစားကဏ္ဍ ယခုထက်ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်အတွက် ယခုဆွေးနွေးပွဲမှ ဆွေးနွေးအကြံပြုချက်များကို အလေးအနက်ထား စဉ်းစားပြီးတော့ ရရှိသောငွေအင်အား၊ ဘဏ္ဍာရေး အင်အား၊ လူ့စွမ်းအားအရင်းအမြစ်အပေါ်မူတည်၍ ဦးစားပေးလုပ်ငန်းကဏ္ဍများရွေးချယ် သတ်မှတ်ပြီး ဆောင်ရွက်သွားမှာဖြစ် ပါတယ်။

ယနေ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ပြီး မြန်မာနိုင်ငံ အားကစားလောကတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် အကြံ ပြုချက်များ၊ သုံးသပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သည့်အတွက် အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အငြိမ်းစားဝန်ထမ်းများ အားလုံးကို အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။

 
 

More Tags