အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး ဆွေးနွေးတိုင်ပင် အကြံပြုချက်ရယူခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် အမှာစကားပြောကြား

Union Minister Dr. Myint Htwe attends the consultation workshop on Myanmar National Health Policy Reformulation

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Horizon Lake View Hotel၊ နေပြည်တော်၌ ကျင်းပခဲ့သော မြန်မာနိုင်ငံအမျိုးသား ကျန်းမာရေးမူဝါဒပြန်လည်ရေးဆွဲရေး ဆွေးနွေးတိုင်ပင်အကြံပြုချက်ရယူခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• မြန်မာနိုင်ငံတွင် (၁၉၉၃) ခုနှစ်၌ အဆိုပါခေတ်ကာလ အခြေအနေ၊ ကျန်းမာရေးအခြေအနေများနှင့်အညီ ရေးဆွဲခဲ့သော အမျိုးသားကျန်းမာရေးမူဝါဒရှိခဲ့ပါကြောင်း၊

• ယခုအခါ ပြောင်းလဲလာသော ကျန်းမာရေးအခြေအနေများ၊ ဘဏ္ဍာငွေနှင့် ရန်ပုံငွေရရှိမှုများ၊ ဆေးပညာနည်းစနစ်များ၊ စက်ပစ္စည်းကိရိယာများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်အခြေအနေများ၊ နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲမှုများအပါအဝင် ယခု ခေတ်ကာလ၏ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီမှုရှိစေရေးအတွက် အဆိုပါ အမျိုးသားကျန်းမာရေးမူဝါဒကိုပြန်လည်ရေးဆွဲနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊


 

• ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေးမူဝါဒပြန်လည်ရေးဆွဲရေး ဦးဆောင်ကော်မတီ (Steering Committee)၊ အကြံပေးကော်မတီ (Advisory Committee)၊ လုပ်ငန်းကော်မတီ (working committee) နှင့် လုပ်ငန်းအဖွဲ့ (Core group) တို့ကို ဖွဲ့စည်းခဲ့ပြီး အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ကာ မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး (မူကြမ်း) ကိုလည်း ရေးဆွဲပြီးစီးခဲ့ ပါကြောင်း၊

• ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးကဏ္ဍနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားပညာရှင်ကြီးများ၊ လက်ရှိတာဝန်ထမ်းဆောင် နေသူများ၊ လက်တွေ့ မြေပြင်တွင်လုပ်ငန်း ဆောင်ရွက်နေသူများထံမှ ဆွေးနွေးအကြံပြုချက်များကို ရယူပြီးသာမကလာမည့် (၁၈) ရက်နေ့တွင်လည်း ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ကျန်းမာရေးကဏ္ဍလုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများစသည့် နှီးနွှယ်ဆက်စပ် အဖွဲ့အစည်းများထံမှ ဆွေးနွေးအကြံပြုချက်များကိုလည်း ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• အမျိုးသားကျန်းမာရေးမူဝါဒကို ပြန်လည်ရေးဆွဲသည့်အခါ မူဝါဒဦးတည်ချက်၊ ရည်မှန်းချက်ပန်းတိုင်၊ အလေးပေးဆောင်ရွက်မည့် လုပ်ငန်းမဏ္ဍိုင်၊ လမ်းကြောင်းချည်းကပ်မှုတို့နှင့်အတူ လုပ်ငန်း မဟာဗျူဟာ၊ လုပ်ငန်းများ အကောင်အထည်ဖော်မှု မူဘောင်၊ ပူးပေါင်းဆောင်ရွက်မှု မူဘောင်၊ လုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှုဆန်းစစ်မှုစနစ်၊ သုတေသနပြုလုပ်ဆန်းစစ်မှုစနစ်၊ ခိုင်မာတိကျသော ကျန်းမာရေးသတင်းအချက်အလက်စနစ်၊ ဘဏ္ဍာငွေများ ကျိုးကြောင်းဆီလျှော်စွာ ခွဲဝေချထားသုံးစွဲမှုစနစ်တို့ ယှဉ်တွဲပါဝင်ရမည်ဖြစ်ပါကြောင်း၊


 

• ထို့အပြင် ရှေ့လာမည့်ကာလများတွင် ဖြစ်ပေါ်လာနိုင်မည့် ကျန်းမာရေးအခြေအနေများကို မျှော်မှန်း၍လည်း ထည့်သွင်းရေးဆွဲကြရမည်ဖြစ်အပါကြောင်း၊

• ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် အောင်မြင်မှုအခြေအနေများကို စောင့်ကြည့်ဆန်းစစ်မှုစနစ်နှင့် ကျန်းမာရေးသတင်းအချက်အလက်စနစ်တို့ ပိုမိုကောင်းမွန် စေရေးအတွက်လည်း သီးခြား အလုပ်ရုံဆွေးနွေးပွဲတစ်ခုပြုလုပ်၍ ဆွေးနွေးအကြံပြုမှုများရယူသွားမည်ဖြစ်ပါကြောင်း၊

• အမျိုးသားကျန်းမာရေးမူဝါဒကိုပြန်လည်ရေးဆွဲရာ၌ အမျိုးသားကျန်းမာရေးစီမံကိန်းကို(၂၀၁၇-၂၀၂၁)အားလွှမ်းခြုံချိတ်ဆက်မိစေရန်နှင့် မြန်မာနိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်စီမံကိန်း (၂၀၁၈-၂၀၃၀) တွင်ပါဝင်သော အချက်အကြောင်းအရာများကိုလည်း မီငြမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊


 

• အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ပါဝင်သော လုပ်ငန်းစဉ်များကိုလည်း မွမ်းမံမှုများပြု လုပ်သင့်သည်များကို မွမ်းမံပြင်ဆင်၍ ပိုမိုအကျိုးရှိထိရောက်စေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

• ကောင်းမွန်သည့် အမျိုးသားကျန်းမာရေးမူဝါဒချမှတ်အကောင်အထည် ဖော်ဆောင်ရွက် နိုင်ခြင်းဖြင့် ပြည်သူများ၏ လူမှုဘဝနေထိုင်မှုအရည်အသွေးမြင့်မားလာခြင်း၊ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု များ လျော့ကျလာခြင်း၊ အရွယ်မတိုင်မီသေဆုံးမှုများ လျော့ကျလာခြင်း စသည့် အကျိုးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၏ ဘဏ္ဍာငွေနှင့်ရန်ပုံငွေရရှိမှုများ၊ ကျိုးကြောင်းဆီလျှော်စွာခွဲဝေချထားမှုနှင့် သုံးစွဲမှုများကိုလည်း ဆန်းစစ်သုံးသပ်မှုများပြုလုပ်၍ ပိုမိုအကျိုးရှိထိရောက်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊


 

• ဝန်ကြီးဌာနအနေဖြင့် လူနာများ ဘေးကင်းလုံခြုံရေး (patient safety) ကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် အလေးပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ကျောင်းအခြေပြုကျန်းမာရေးမြှင့်တင်မှု၊ ကျန်းမာရေးအသိပညာမြှင့်တင်မှု၊ ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခြင်း၊ အာဟာရဖွံ့ဖြိုးမှု၊ မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေး၊ အရည်အသွေးမြင့်မား၍ ကျင့်ဝတ်နှင့်ညီသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုမွေးထုတ်လေ့ကျင့်ရေး လုပ်ငန်းများကိုလည်း အရှိန် အဟုန်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဆေးပညာဘာသာရပ်အသီးသီးတွင် ဘာသာရပ်ဆိုင်ရာဆေးပညာရှင်အဖွဲ့များ ဖွဲ့စည်းထားရှိပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်မွေးထုတ်လေ့ကျင့်မှုဆိုင်ရာများနှင့် သင့်လျှော်မှန်ကန်သော၊ အရည်အသွေးကောင်းမွန်သော၊ စံချိန်စံညွှန်းပြည့်မီ၍ ကြာရှည်အသုံးပြုနိုင်သော ဆေးဝါးနှင့် စက်ကိရိယာပစ္စည်းများကို ဝယ်ယူနိုင်ရန်အတွက် အကြံပြုချက်များရယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• လက်ရှိဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကိုလည်း ပြန်လည် ဆန်းစစ်သုံးသပ်မှုများပြုလုပ်ကာ ပိုမိုကောင်းမွန်ထိရောက်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်လုပ်ငန်းများမှ လုပ်ငန်းသဘော တူညီချိတ်ဆက်မှုရှိသည်များကို ပေါင်းစပ်ချိတ်ဆက်၍ ဆောင်ရွက်ခြင်းဖြင့် ဘဏ္ဍာငွေ၊ လူ့စွမ်းအားအရင်းအမြစ်များကိုပါ ပိုမိုအကျိုးရှိ ထိရောက်စွာအသုံးချဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ အကြံပြုဆွေးနွေးပွဲများ ထွက်ပေါ်လာသော အကြံပြုချက်များဖြင့် အမျိုးသားကျန်းမာရေးမူဝါဒကို အမြန်ဆုံးပြန်လည်ရေးဆွဲကာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ အတည်ပြုချက်ရယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍလုပ်ငန်းများအတွက် လမ်းညွှန်အဖြစ် လမ်းကြောင်းချ ဆောင်ရွက်သွားမည့် မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြသူ များ အားလုံးကို ကျေးဇူးတင်ရှိပြီး နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် ဆက်လက်ပံ့ပိုးဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ဆန်းစစ်သုံးသပ်နိုင်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာထင်လင်းက မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေးအတွက် ခြုံငုံတင်ပြခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သည့် ဝန်ကြီးဌာနမှ ပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အမျိုးသားကျန်းမာရေး မူဝါဒပြန်လည်ရေးဆွဲရေးလုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ဝင်များက အဖွဲ့လိုက်ဆွေးနွေးခြင်း၊ အဖွဲ့လိုက်တင်ပြဆွေးနွေးခြင်းနှင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။


 

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။


 

 


 

 


 

 


 
 
 
 

More Tags