ရေချိုခရုမှတစ်ဆင့်ကူးစက်သော သန်ပြားကောင်ရောဂါ (Schistosomiasis) ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကွင်းဆင်းတွေ့ရှိချက်နှင့် အကြံပြုချက်များ တင်ပြသည့်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ စက်တင်ဘာ (၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် သြဂုတ်လ (၃၁) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄၇) ၌ ကျင်းပ ပြုလုပ်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပညာရှင်များပါဝင်သောအဖွဲ့၏ ရေချိုခရုမှတစ်ဆင့် ကူးစက်သော သန်ပြားကောင်ရောဂါ (Schistosomiasis) ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နှင့် စစ်တွေမြို့နယ်များသို့ ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့မှုနှင့် တွေ့ရှိချက်များကို ရှင်းလင်းတင်ပြသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။


 

     အဆိုပါရှင်းလင်းတင်ပြပွဲ၌ ကွင်းဆင်း​​အဖွဲ့၏ကိုယ်စား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရုံးချုပ် မှ Technical Officer Dr. Jiagang Guo က -

- စစ်တွေပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး Schistosomiasis သန်ပြားကောင်ရောဂါဖြစ်ပွားနေသော လူနာများနှင့် ကုသပေးနေသော အထူးကုဆရာဝန်များနှင့် တွေ့ဆုံခဲ့မှု၊

- ရောဂါနှင့် ပတ်သက်၍ ဓာတ်ခွဲစစ်ဆေးနိုင်မှု အခြေအနေ၊
- ရောဂါဖြစ်ပွားသူလူနာများနေထိုင်ရာ ပတ်ဝန်းကျင်အနေအထားနှင့် ရောဂါပိုးသယ်ဆောင်သည့် ခရုအမျိုးအစားရှာဖွေ စုံစမ်းခဲ့မှု၊

- (၂၀-၈-၂၀၁၈) ရက်နေ့အထိ ရခိုင်ပြည်နယ်ရှိ မြို့နယ်များမှ Schistosomiasis သန်ပြားကောင်ရောဂါ သံသယလူနာ (၈၂၈)ဦး အနက် ဓာတ်ခွဲအတည်ပြုလူနာ (၄၂၈)ဦး တွေ့ရှိခဲ့မှု အပေါ် သုံးသပ်တွေ့ရှိချက်နှင့်

- ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအတွက် ရောဂါဖြစ်ပွားမှုနှုန်းပေါ်မှုတည်၍ ဆောင်ရွက်နိုင်သည့် နည်းဗျူဟာများနှင့်အကြံပြုချက်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက -

• ယခုကဲ့သို့ ကွင်းဆင်းသုတေသနလုပ်ဆောင်မှုနှင့် ရောဂါကာကွယ်နှိမ်နင်းရေးအတွက် အကြံပြုချက်များပေးမှုအပေါ် ကျွမ်းကျင်ပညာရှင်အဖွဲ့အား ကျေးဇူးတင်ရှိပြီး ကျွမ်းကျင်အဖွဲ့မှ တင်ပြသော အကြံပြုချက် များကို အလေးအနက်ထား၍ စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

• ရေချိုခရုမှ တဆင့်ကူးစက်သော သန်ပြားကောင်ရောဂါ (Schistosomiasis) ရောဂါနှင့် ပတ်သက်၍ ကာကွယ်နှိမ်နင်းခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်း၊ ကုသခြင်းနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို စနစ်တကျထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် Schistosomiasis သန်ပြားကောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ (Schistosomiasis control program) ကို အမြန်ဆုံးဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊

• မိမိနိုင်ငံနှင့် သင့်လျော်သော နည်းဗျူဟာများ၊ လုပ်ငန်းအစီအစဉ်များကို ချမှတ်ဆောင်ရွက်နိုင်ရန်အတွက် ရောဂါဖြစ်ပွားစေသော သန်ပြားကောင်ကို သယ်ဆောင်နိုင်သည့် ရေချိုခရုပေါက်ဖွားနေထိုင်မှုပြမြေပုံ (mapping) နှင့် လက်ရှိရောဂါဖြစ်ပွားနေသော ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၊ ကျေးရွာများ၏ ရောဂါဖြစ်ပွားမှု အခြေအနေနှင့် အခြားရောဂါဖြစ်ပွားနိုင်ခြေရှိသော ဒေသများကို စုံစမ်းဖော်ထုတ်ပြီး ရောဂါ ဖြစ်ပွားမှုပြ မြေပုံတို့ကို ရေးဆွဲရန် လိုအပ်ကြောင်း၊


 

• Schistosomiasis သန်ပြားကောင်ရောဂါ အကြောင်းသိရှိလာပြီး ရောဂါကူးစက်မခံရစေရန် လိုအပ်သော ကာကွယ်တားဆီးမှုများ ပြုလုပ်နိုင်ရန်အတွက် ပြည်သူလူထုအား ကျန်းမာရေးအသိပညာများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားရန်လိုအပ်ကြောင်း၊

• ကျောင်းသား၊ ကျောင်းသူများထံ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးရန်အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများတွင် အလေးထားလုပ်ဆောင်ရန်လိုအပ်ကြောင်း၊

• ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ ဆေးပညာရှင်များ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းမှ ပညာရှင်များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ ပူးပေါင်း၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ China CDC တို့ထံမှ အကူအညီရယူပြီး လုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။


 

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး) ဒေါက်တာသန်းထွန်းအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းနှင့် ဆေးသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုဆိုင်ရာ အကြံပေးပညာရှင် ဒေါက်တာစိုးလွင်ငြိမ်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရုံးချုပ်၊ အရှေ့တောင်အာရှဒေသဆိုင်ရာ WHO ရုံးတို့မှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ပါသည်။

     အဆိုပါရောဂါသည် သန်ပြားကောင်တစ်မျိုးဖြစ်သော Schistosoma မျိုးစိတ်မှဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းပိုးကို ခရုများကတစ်ဆင့် သယ်ဆောင်လာသည်။ Schistosoma သန်ပြားကောင်ကို သယ်ဆောင်သည့် ခရုပေါက်ဖွားနေသော မသန့်ရှင်းသောရေနှင့် ထိတွေ့မှုမှတစ်ဆင့် ကူးစက်စေပါသည်။

     အဆိုပါရောဂါကို ကုသရန် ဆေးဝါးများနှင့် ဓာတ်ခွဲပစ္စည်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားသောလူနာများကို ထိရောက်စွာ ကုသပေးလျက်ရှိပါသည်။

 
 

More Tags