မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ အဆင့်မီ မိခင်နို့ရည်ဘဏ် ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the opening ceremony of the first standardized human milk bank in Myanmar

ရန်ကုန်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်၊ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်အတူ ဇန်နဝါရီလ (၁၁) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ၌ ကျင်းပခဲ့သော “မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ အဆင့်မီ မိခင်နို့ရည်ဘဏ်ဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။


 

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ မွေးကင်းစအထူးကုဆရာဝန်ကြီး (ငြိမ်း) ပါမောက္ခ ဒေါက်တာစန်းစန်းမြင့် တို့က နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။


 

     ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• နိုင်ငံတကာအဆင့်မီမိခင်နို့ရည်ဘဏ်ကို ယခုကဲ့သို့အောင်မြင်စွာဖွင့်လှစ်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိ ဂုဏ်ပြုပါကြောင်း၊

• ဤကဲ့သို့ မိခင်နို့ရည်ဘဏ်ကို တည်ထောင်နိုင်ခြင်းကြောင့် အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ရည်မရရှိနိုင်သော နာမကျန်းမိခင်များ၏ ကလေးများ၊ မိခင်သေဆုံးသွားသူကလေးများ၊ စွန့်ပစ်ခံကလေးများ၊ လမစေ့၊ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားသော ကလေးများအတွက် အထူးအကျိုးရှိမည်ဖြစ်ပါကြောင်း၊

• လူသားမိခင်နို့ကို သောက်သုံးရခြင်းဖြင့် ကလေးငယ်များ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုသာမက ရောဂါပိုးများကို ခုခံနိုင်သည့် ကိုယ်ခံအား ပဋိပစ္စည်းများကို ရရှိစေနိုင်မည် ဖြစ်ပါကြောင်း၊


 
 

• မိခင်နို့ရည်ကို မည်သည့်နို့အမျိုးအစား၊ မည်သည့်အာဟာရနှင့်မျှ အစားထိုး၍ မရပါကြောင်း၊ မိခင်နို့သည် နို့မှုန့်နှင့် အခြားနို့ထွက်ပစ္စည်းများထက်မဆို အဆများစွာ ဘေးအန္တရာယ်ကင်းပြီး အကျိုးကျေးဇူးရှိပါကြောင်း၊

• ယခုလို နို့တိုက်မိခင်များထံမှ မိခင်နို့ရည်များကို စနစ်တကျစုဆောင်းပြီး တိုက်ကျွေးနိုင်ခြင်းကြောင့် မွေးကင်းစကလေးသေဆုံး၊ (၁) နှစ်အောက်နှင့် (၅) နှစ်အောက်ကလေးသေဆုံးမှုများ လျော့နည်းကျဆင်းလာမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံတွင် မိခင်နို့ရည်ဘဏ်ကို (၁၉၉၄) ခုနှစ်တွင် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၊ မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်၌ အငြိမ်းစားပါမောက္ခဒေါက်တာစန်းစန်းမြင့်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ နိုင်ငံတကာအဆင့်မီ ခေတ်မီစက်ပစ္စည်းကိရိယာများဖြည့်ဆည်းခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆန်းစစ်သုံးသပ်ခြင်းများပြုလုပ်ခြင်း၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်များပြုစုရေးဆွဲခြင်းများပြုလုပ်၍ မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်ကိုဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊


 

• ဝန်ကြီးဌာနအနေဖြင့် နို့တိုက်မိခင်များမှ လှူဒါန်းသော နို့ရည်များကို ရောဂါပိုးကင်းရှင်းအောင် သန့်စင်သော နို့ပေါင်းခံစက် (human milk pasteurizer) ကို ယခု မိခင်နို့ရည်ဘဏ် ဖွင့်လှစ်နိုင်ရေးအတွက် ဝယ်ယူပံ့ပိုးပေးခဲ့ပြီး အလှူရှင်များကလည်း အခြားစက်ပစ္စည်းကိရိယာများနှင့် လိုအပ်ချက်များကို စေတနာထက်သန်စွာဖြင့် လှူဒါန်းပေးခဲ့ပါကြောင်း၊

• ထို့အပြင် ရန်ကုန်ကလေးဆေးရုံကြီး၊ ရန်ကင်းကလေးဆေးရုံကြီး၊ မြောက်ဥက္ကလာပသင်ကြားရေးဆေးရုံကြီး၊ မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီး၊ မန္တလေးခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီးနှင့် တောင်ကြီးအမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့အတွက် နို့ရည်များကို ရောဂါပိုးကင်းရှင်းအောင် သန့်စင်သော နို့ပေါင်းခံစက် (human milk pasteurizer) (၁) လုံးစီ ကို ဝယ်ယူထားပြီးဖြစ်ကာ ဤကဲ့သို့ နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်များတည်ထောင်နိုင်ရေး ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆေးရုံကြီးများတွင်လည်း နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်များ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွားနိုင်ရေး အဆင့်လိုက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ယင်းနောက် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာခင်ပြုံးကြည်နှင့် Alive and Thrive ၏ Regional Technical Specialist ဖြစ်သူ Ms. Jennifer Cashin တို့က နှုတ်ခွန်းဆက်စကား အသီးသီးပြောကြားခဲ့ပြီး မွေးကင်းစအထူးကုဆရာဝန်ကြီး (ငြိမ်း) ပါမောက္ခ ဒေါက်တာစန်းစန်းမြင့် က မိခင်နို့ရည်ဘဏ်အကြောင်းကို ရှင်းလင်းတင်ပြခဲ့ ပါသည်။


 
 

ထို့နောက် နိုင်ငံတကာအဆင့်မီမိခင်နို့ရည်ဘဏ်အတွက် အလှူငွေများ လှူဒါန်းရခြင်းအကြောင်းကို အလှူငွေမတည်သူ ဒေါက်တာထက်ဇံလင်းမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မွေးကင်းစကလေးအထူးကု ပါမောက္ခဒေါက်တာနန့်စမ်းစမ်းအေးက နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်တည်ဆောက်ခဲ့ပုံများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

  


 
 
 
 

 
 

 
 

 
 
 

 
 

 
 

 
 
 
 

More Tags