ဘွဲ့လွန်သင်တန်းများ ဝင်ခွင့်ရွေးချယ်ရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

Union Minister Dr. Myint Htwe attends the post graduate selection seminar

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် ဘွဲ့လွန်သင်တန်းများဝင်ခွင့် ရွေးချယ်ရေးနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ပြည်သူများအတွက် အရည်အသွေးပိုမိုပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် ဘွဲ့လွန်ဆေးပညာရှင်များကို မွေးထုတ်ပေးရာတွင် ခေတ်နှင့် အညီသင့်လျော်သည့် စနစ်ဖြင့် ဆောင်ရွက်ရန်အတွက် ယခုကျင်းပပြုလုပ်သည့် နှီးနှောဖလှယ်ပွဲသည် အရေးကြီးပါကြောင်း၊

• ဘွဲ့လွန်သင်တန်းဝင်ခွင့်ရွေးချယ်မှုများဆောင်ရွက်ရာတွင် ဘက်လိုက်မှုမရှိ၊ သမာသမတ်ကျစွာဖြင့် မျှတမှုရှိစေရေး အထူးအလေးပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• သွားလာရခက်ခဲဒေသများနှင့် ဝေးလံခေါင်သီဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတွင်ပြုလုပ်သည့် မွမ်းမံသင်တန်း များ၊ ဘွဲ့လွန်ဝင်ခွင့် အထောက်အကူပြုသင်တန်းများနှင့် ပြည်တွင်း၌ပြုလုပ်သော နိုင်ငံတကာ ညီလာခံ (international conference) များ စသည်တို့ကို တက်ရောက်ခွင့်၊ ပါမောက္ခကြီးများနှင့် အထူးကုဆရာဝန်များ၏ လုပ်ငန်းခွင်တွင် အနီးကပ်သင်ကြားပေးမှုနှင့် နိုင်ငံတကာမှ ဆေးပညာရှင်များမှ ပြည်တွင်းသို့လာရောက်ခွဲစိတ်မှု၊ ကုသမှု စသည့် လက်တွေ့သင်ကြားမှု အခွင့်အရေးများ ရရှိရန်မှာ နည်းပါးပါကြောင်း၊

• အဆိုပါဝန်ထမ်းများသည် နေထိုင်မှုစားသောက်မှုအခက်အခဲများကြားမှ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရင်း ၎င်းတို့၏ ရည်မှန်းချက် ဘွဲ့လွန်သင်တန်းများ တက်ရောက်ခွင့်ရရှိရန် ကြိုးပမ်းမှုများအပေါ် တန်ဖိုးထား၍ အလေးထားစဉ်းစားပေးကြရမည်ဖြစ်ပါကြောင်း၊

• အဆိုပါ ဝန်ထမ်းများ ဘွဲ့လွန်သင်တန်းများဝင်ခွင့်ဖြေဆိုရာတွင် မျှတမှုရှိစေရေးကို အလေးအနက်ထားဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊

• မိမိတို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံသော ကျန်းမာရေးစောင့်ရှောက် (UHC) ရရှိရေးကြိုးပမ်းဆောင်ရွက်ရာ၌ မြို့ပြနှင့် ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကွာဟမှုမရှိစေရေးသည် အရေးကြီးပါကြောင်း၊

• ဘွဲ့လွန်သင်တန်းဝင်ခွင့်မေးခွန်းများတွင်လည်း ဘွဲ့လွန်သင်တန်းဝင်ခွင့်အတွက် စစ်ဆေးခြင်းသာဖြစ်ပြီး ဘွဲ့လွန်ရရှိပြီးသူများကို စစ်ဆေးခြင်းမဟုတ်သည်ကိုလည်း သတိပြုစေလိုပါကြောင်း၊


 

• သို့ဖြစ်၍ ဝင်ခွင့်ရွေးချယ်ရာတွင် သက်ဆိုင်ရာဘာသာရပ်အား ဓမ္မဓိဋ္ဌာန်ကျသည့် မေးခွန်းများဖြင့် ယေဘုယျအခြေခံ သဘောတရားနှင့် အချက်အလက်များကို နားလည်ကျွမ်းကျင်မှုနှင့် စဉ်းစားတွေးခေါ်တတ်မှုတို့ကို အဓိကထားစစ်ဆေးခြင်းကို ပြုလုပ်စေလိုပြီး ဘွဲ့လွန်ရရှိထားပြီးမှသာ ဖြေဆိုနိုင်မည့် ခက်ခဲသော အဆင့်မြင့်အကြောင်းအရာများကို မစစ်ဆေးစေလိုပါကြောင်း၊

• ပညာရပ်ကျွမ်းကျင်မှုပိုင်းတစ်ခုတည်းသာမကြည့်ဘဲ ဘွဲ့လွန်ရရှိပြီးနောက် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမည့် ပြည်သူ့ဝန်ထမ်းကောင်းဖြစ်မည့်သူများကို ရွေးချယ်စေလိုပါကြောင်း၊

• မိမိအနေဖြင့် ဘွဲ့လွန်ဝင်ခွင့် အင်္ဂလိပ်စာစစ်ဆေးခြင်းပုံစံကိုလည်း ယခုနှစ်တွင် ပြောင်းလဲဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊

• ဘွဲ့လွန်ဝင်ခွင့် အင်္ဂလိပ်စာစစ်ဆေးခြင်းကို တစ်နှစ်လျှင် (၃) ကြိမ်ပြုလုပ်သွားမည်ဖြစ်ပြီး (၁) ကြိမ်အောင်မြင်ထားလျှင် (၃) နှစ်အတွင်း နောက်တစ်ကြိမ်ထပ်မံဖြေဆိုစရာမလိုဘဲ ဝင်ခွင့်ဖြေဆိုရာတွင် သက်ဆိုင်ရာ ဆေးနှင်းဆေးပညာနှီးနွှယ်ဘာသာရပ်ကိုသာ ဖြေဆိုရမည်ဖြစ်ပါကြောင်း၊ ဘွဲ့လွန်ဝင်ခွင့် အင်္ဂလိပ်စာကို အလုပ်ဝင်ပြီးနောက် လုပ်သက်နှစ် စောင့်ဆိုင်းစရာမလိုဘဲ ဖြေဆိုထားနိုင်မည်ဖြစ်ပါကြောင်း၊

• ဆေးနှင့် ဆေးပညာနှီးနွှယ်ဘာသာရပ်အလိုက် ဘွဲ့လွန်ဝင်ခွင့်များကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဝန်ကြီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် အရေအတွက်၊ လစ်လပ်နေမှု၊ အငြိမ်းစားယူမည့်အရေအတွက်၊ နုတ်ထွက်မည့် အရေအတွက်များနှင့် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုအခြေအနေများကိုပါ ဘက်စုံစဉ်းစားချိန်ကိုက်ကာ လိုအပ်မှုများပြားသော ဘာသာရပ်များအတွက် ပိုမိုတိုးမြှင့်ခေါ်ယူ မွေးထုတ်သွားရမည်ဖြစ်ပါကြောင်း၊

• ဘွဲ့လွန်သင်တန်းတက်ရောက်စဉ်ကာလအတွင်း ဘွဲ့လွန်အဆင့်နှင့် ထိုက်တန်သည့် ကြိုးစားအားထုတ်မှု၊ တတ်ကျွမ်းမှုများကို ကြပ်မတ်စစ်ဆေးရမည်ဖြစ်ပြီး ဘွဲ့လွန်ရထိုက်သည့် အရည်အသွေးရှိသူများကိုသာ ဘွဲ့ပေးရန်ဖြစ်ပါကြောင်း၊

• ဘွဲ့လွန်သင်တန်းတက်ရောက်စဉ်ကာလအတွင်း မိမိကိုယ်တိုင်လေ့လာသင်ယူမှု (self-learning) အလေ့အကျင့်၊ ကျင့်ဝတ်များညီညွတ်မှု၊ ပညာရပ်ပိုင်းကျွမ်းကျင်မှု၊ သုတေသနဆောင်ရွက်မှု အလေ့အကျင့်၊ နှီးနွှယ်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်တတ်မှု၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်မှု၊ အပြုသဘောအမြင်ရှိမှု၊ ရှေ့သို့မျှော်တွေးစဉ်းစားတတ်မှု၊ အဖွဲ့အစည်း စိတ်ဓာတ်ရှိမှုစသည့် အရည်အသွေးများရရှိစေရေး သင်ကြားလေ့ကျင့်ပေးစေလိုပါကြောင်း၊


 

• ဘွဲ့လွန်သင်တန်းသား၊ သင်တန်းသူများကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) ရှိ သုတေသနစွမ်းဆောင်ရည်လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာနတွင် သုတေသနသင်တန်းများကို မဖြစ်မနေ (compulsory) တက်ရောက်စေမည်ဖြစ်ပါကြောင်း၊

• ကုသရေးဆေးဘာသာရပ်များတွင် ပြည်သူ့ကျန်းမာရေးအခြေခံသဘောတရားများကိုလည်း ထည့်သွင်းသင်ကြားပေးစေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် လာမည့် ဘဏ္ဍာနှစ်တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာနအတွက် ဘဏ္ဍာငွေများ သိသာထင်ရှားစွာ တိုးမြှင့်ချထားပေးမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအနေဖြင့် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ဘဏ္ဍာငွေခွဲဝေ လျာထားမှုများဆောင်ရွက်ထားရှိစေလိုပါကြောင်း၊

• ဆေးတက္ကသိုလ်များရှိ ဆေးပညာသင်ကြားရေးယူနစ် (Medical education unit) များ၏ အခန်းကဏ္ဍပိုမိုမြင့်မားရေးနှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ရန်ဖြစ်ပါကြောင်း၊

• သက်ဆိုင်ရာ ဆေးပညာဘာသာရပ်အလိုက် ပညာရှင်များစုဖွဲ့ထားသော ဘုတ်အဖွဲ့မှ အသိအမှတ်ပြု (board certified) အထူးကုဆရာဝန်များ၊ လုပ်ငန်းအတွေ့အကြုံနှင့် လက်တွေ့ကျွမ်းကျင်မှုကို ဦးစားပေးသော fellowship system ဆိုဖြင့် အထူးကုဆရာဝန်များ မွေးထုတ်ပေးနိုင်ရေးကိုလည်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဘာသာရပ်ဆိုင်ရာအဖွဲ့များနှင့် တိုင်ပင်ဆွေးနွေးဆောင်ရွက်ကြစေလိုပါကြောင်း၊

• မြန်မာနိုင်ငံကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်မဟာဗျူဟာ (Myanmar Human Resources for Health Strategy) (၂၀၁၈-၂၀၂၁) တွင် ပါဝင်သောလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်မှု ရှိ၊ မရှိကို ဆန်းစစ်သုံးသပ်ပြီး ဦးစားပေး အဆင့်များ သတ်မှတ်ကာ အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ (၁၉၆၄) ခုနှစ်မှ (၂၀၁၉) ခုနှစ်အထိ ဒီပလိုမာဘွဲ့ရရှိသူ (၃,၅၅၅) ဦး၊ ဆေးပညာမဟာဘွဲ့ရရှိသူ (၉,၉၁၄) ဦး၊ ပါရဂူဘွဲ့ရရှိသူ (၂၉၇) ဦးနှင့် ဆေးလက်တွေ့ပါရဂူဘွဲ့ရရှိသူ (၉၉၄) ဦးတို့ကို မွေးထုတ်ခဲ့ပြီး (၂၀၂၀) ပညာသင်နှစ်တွင် ဒီပလိုမာသင်တန်း (၁၄) ခု၊ ဆေးပညာမဟာသိပ္ပံသင်တန်း (၅၈) ခု၊ ပါရဂူဘွဲ့သင်တန်း (၁၅) ခု၊ ဆေးလက်တွေ့ပါရဂူဘွဲ့သင်တန်း (၄၉) ခု၊ စုစုပေါင်း ဘွဲ့လွန်သင်တန်း (၁၃၆) ခုကို ဖွင့်လှစ်ထားရှိသည်ကို သိရှိရပါကြောင်း၊

• နိုင်ငံ၏ ကျန်းမာရေးကဏ္ဍအနာဂတ်ကို ပုံဖော်ဆောင်ရွက်မည့် ဆေးနှင့် ဆေးနှီးနွှယ်ပညာရပ် ဘွဲ့လွန်ပညာရှင်ကောင်းများကို မွေးထုတ်ပေးရန်အတွက် ဘက်ပေါင်းစုံ၊ ရှုထောင့်စုံမှ သမားရိုးကျမှ ဖောက်ထွက်သည့် ဆန်းသစ်သောအမြင်များဖြင့် စဉ်းစားကာ ဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     နှီးနှောဖလှယ်ပွဲတွင် ဘွဲ့လွန် ဝင်ခွင့်ရွေးချယ်ရေးသတ်မှတ်ချက်များ၊ လုပ်ငန်းစဉ်များ၊ စစ်ဆေးမည့်ပုံစံများ၊ ပုဂ္ဂလိကဆရာဝန်များအတွက် ဘွဲ့လွန်သင်တန်းများ စသည်တို့ကို ဝိုင်းဖွဲ့ဆွေးနွေးတင်ပြခြင်း၊ မဟာဘွဲ့သင်တန်းပြီးနောက် ပုံစံကျကြပ်မတ်သင်ကြားခြင်း၊ ဆေးပညာပါရဂူဘွဲ့နှင့် fellowship သင်ကြားမှုပုံစံ၊ ဘွဲ့လွန်သင်တန်းတွင် သုတေသနသင်ကြားမှု၊ ဘွဲ့လွန်သင်ကြားရေးကိစ္စရပ်များ ပိုမိုတိုးတက်ရေးစသည့် အကြောင်းအရာ ခေါင်းစဉ်များကို ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။


 

     အဆိုပါနှီးနှောဖလှယ်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ် (၁၆) ခုမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးပညာရှင်အသင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 
 

More Tags