COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၈/၂၀၂၀) ကျင်းပ (3-3-2020, 7:30AM)

Union Minister Dr. Myint Htwe attends the central coordination meeting (28/2020) on preparedness for detection and response to Coronavirus Disease (COVID-19)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၃) ရက်နေ့

    Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၈/၂၀၂၀) ကို ယနေ့၊ နံနက်(၇:၃၀)နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်ပြောကြားရာတွင် -

• ယခုအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း (၆၅) နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံမှုများရှိနေပါကြောင်း၊

• မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ COVID-19 ရောဂါဖြစ်ပွားသူ မတွေ့ရှိသေးသော်လည်း လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းကြောင်း၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များကို ဖြတ်သန်း၍ ရောဂါဖြစ်ပွားပျံ့နှံ့ရာ နေရာဒေသများမှ ခရီးသည် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများ ပြည်တွင်းသို့ ဝင်ရောက်မှုများရှိနေပါကြောင်း၊ ထို့အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်နေသည့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုံးဝ အရှိန်အဟုန်လျှော့၍ မရပါကြောင်း၊

 

• COVID-19 ရောဂါနှင့် ပတ်သက်၍ နေအိမ်တွင် အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Home Quarantine) ပြုလုပ်မည်ဆိုပါက လိုက်နာရမည့် အချက်များနှင့် အကျိုးကျေးဇူးများအား ပြည်သူများသိရှိရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာများပေါ်တွင် ထပ်မံဖော်ပြစေလိုပါကြောင်း၊

• COVID-19 ရောဂါ ဖြစ်ပွားသေဆုံးမှုမြှင့်တက်လျက်ရှိသော နိုင်ငံများမှ ပြန်လည်ရောက် ရှိလာနိုင်ဖွယ်ရှိသည့် မြန်မာနိုင်ငံသားများအား ရောဂါလက္ခဏာတစ်စုံတစ်ရာမရှိသော်လည်း အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) လုပ်ဆောင်ရန် အတွက် တောင်ဉက္ကလာပအမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ ဆောက်လုပ်ပြီးစီးသော်လည်း လက်ရှိတွင် အသုံးပြုခြင်းမရှိသေးသည့် (၄) ထပ်ဆောင်သစ်တွင် ထားရှိဆောင်ရွက်နိုင်ရေး လိုအပ်သည်များ အမြန်ဆုံးထပ်မံဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• အလားတူ ဆောက်လုပ်ပြီးစီးသော်လည်း လက်ရှိတွင် အသုံးပြုခြင်းမရှိသေးသည့် ကျန်းမာရေးဌာနအဆောက်အဦများအား အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) လုပ်ငန်းများအတွက် အသုံးပြုနိုင်ရေး ကြိုတင်စီစဉ်ထားရှိမည် ဖြစ်ပါကြောင်း၊

• (၂၈-၂-၂၀၂၀) ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါအဓိပ္ပာယ် (Case definition) ပြောင်းလဲ သတ်မှတ်ခဲ့သည့်အတွက် သံသယလူနာနှင့် စောင့်ကြည့်လူနာ အရေအတွက် ပိုမိုများပြားလာနိုင်သဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး၊ ကုသရေးနှင့် ဓာတ်ခွဲကဏ္ဍတို့နေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိရမည်ဖြစ်ပါကြောင်း၊

 

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါအဓိပ္ပာယ် (Case definition) ပြောင်းလဲ သတ်မှတ်ခဲ့သည်အပြင် မိမိတို့နိုင်ငံ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်မှုများကို ပြုလုပ်နိုင်ပြီဖြစ်သဖြင့် အခြားရောဂါစမ်းသပ်မတွေ့ရသည့် (unknown etiology) လတ်လောပြင်းထန်အဆုတ်ရောင်ရောဂါရှိသူများတွင်လည်း COVID-19 ရောဂါ သံသယလက္ခဏာများရှိပါက ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်၍ ရောဂါရှိ၊ မရှိ အတည်ပြုစေလိုပါကြောင်း၊

• ဆေးရုံများအနေဖြင့် လူနာများအတွက်လိုအပ်နိုင်သည့် အောက်စီဂျင်နှင့် အသက်ရှူစက် (Ventilator) များ၊ အရေးပေါ်လူနာတင်ယာဉ်များ၊ ကုသမှုသုံးဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာများ စသည်တို့အား ကြိုတင်ပြင်ဆင်ထားရှိရမည်ဖြစ်ပါကြောင်း၊

 

• မိမိတို့နိုင်ငံ၌ ယခုကာလတွင် COVID-19 ရောဂါ ဖြစ်ပွားမှုများရှိလာနိုင်သဖြင့် ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများအတွက် ဘက်စုံခြုံငုံသုံးသပ်မှု (holistic review) အား အမြန်ဆုံးပြုလုပ်ကာ ဖြည့်ဆည်းဆောင်ရွက်ရန် ထပ်မံလိုအပ်ချက် များအား စာရင်း အတိအကျဖြင့် တင်ပြရမည်ဖြစ်ပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်လုံးဝမလျှော့ဘဲ ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အစည်းအဝေးတွင်-

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် Daily Update Situation များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံပြင်ပတွင် COVID-19 ရောဂါဖြစ်ပွားမှုတွေ့ရှိလာသည့် နိုင်ငံအသစ် (၆) နိုင်ငံ၏ အခြေအနေများ၊ ရောဂါကူးစက်ပျံ့ပွားမှုသည် နိုင်ငံပြင်ပ၌ သာမက နိုင်ငံတွင်းမှာပါ ဖြစ်ပွားနေသည့် အခြေအနေများ၊

• ညွှန်းပို့ဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုလူနာများ၊ အသွားအလာကန့်သတ်၍ ရောဂါ စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူများ၏ ကျန်းမာရေးအခြေအနေများ၊

 

• ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့နယ်မှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၃) ဉီးအား အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ဆောင်ထားသည့် အခြေအနေများ၊

• တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ ညွှန်းပို့ဆေးရုံကြီးများ (Designated Hospitals) နှင့် အခြားသောဆေးရုံကြီးများရှိ စောင့်ကြည့်လူနာများ၏ အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များ၊ ဓာတ်ခွဲနမူနာ စစ်ဆေးထားရှိသည့်အခြေအနေများ၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြောင်းလဲသတ်မှတ်ခဲ့သည့် ရောဂါအဓိပ္ပာယ် (Case definition) နှင့် အညီ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကုသရေးနှင့် ဓာတ်ခွဲလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များစသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။

 

     အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်/ ဖြန့်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီး၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-health၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး၊ ပြည်သူကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) စသည့် ကဏ္ဍအသီးသီးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags