GMS Health Security Project ၏ ဒုတိယနှစ် လုပ်ငန်းစီမံကိန်းနှင့် ရခိုင်ပြည်နယ်တွင် Schistosomiasis ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြခြင်း

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက GMS Health Security Project ၏ ဒုတိယနှစ်လုပ်ငန်းစီမံကိန်းနှင့် ရခိုင်ပြည်နယ်တွင် Schistosomiasis ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို (၁၄-၁၁-၂၀၁၈)ရက် ညနေပိုင်းအချိန်တွင် ရုံးအမှတ်(၄)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား ရှင်းလင်းတင်ပြခဲ့ပါသည်။


 

     ယခင်အစည်းအဝေး၌ ဒုတိယညွှန်ကြားရေးမှူး(ကူးစက်) ဒေါက်တာခင်စန္ဒာအောင် က ADB ချေးငွေ အမေရိကန်ဒေါ်လာ (၁၂)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော GMS Health Security Project မှ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့ရှိ (၁၂)မြို့နယ်၌ (၁) Surveillance and Outbreak Response၊ (၂) Laboratory Services, and Infection Prevention and Control၊ (၃) Regional Co-operation ကဏ္ဍ (၃)ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမနှစ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် Year 2 Annual Operation- Plan (2018-2019) ရေးဆွဲ၍ ဆက်လက်အကောင်အထည်ဖော်မည့် အစီအစဉ်တို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ထို့နောက် ဒုတိယညွှန်ကြားရေးမှူး(ကူးစက်) ဒေါက်တာတိုးသီရိအောင်က ရခိုင်ပြည်နယ်တွင် Schistosomiasis ရောဂါဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု များကို ဆက်လက်တင်ပြခဲ့ရာ (၁-၁၀-၂၀၁၈)ရက်နေ့မှ (၁-၁၁-၂၀၁၈)ရက်နေ့အထိ သံသယလူနာ (၉၈၁)ဦးတို့ကို ဓါတ်ခွဲစစ်ဆေးခဲ့ရာ (၅၂၀)ဦးတွင် Schistosoma mansoni IgG (Eliser) positive တွေ့ရှိခဲ့ ရကြောင်း၊ WHO, China CDC တို့နှင့်ပူးပေါင်း၍ ရောဂါကာကွယ်နှိမ်နှင်းရေး ဓါတ်ခွဲစစ်ဆေးခြင်း၊ ကုသရေးနှင့်သုတေသနလုပ်ငန်းများကို ဆောင်ရွက်မည့် အစီအစဉ်များ၊ ရခိုင်ပြည်နယ်အစိုးရ၊ အခြေခံပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ဆေးဝါးနှင့် ဓါတ်ခွဲပစ္စည်းများ ရရှိသုံးစွဲမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။


 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက -

• GMS Health Security Project သည် ADB ချေးငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်သဖြင့် လုပ်ငန်းများကို အကျိုးရှိထိရောက်မှုရှိစေရန်နှင့် အလေ့အလွင့်ဆုံးရှုံးမှုနည်းစေရန်အတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊

• Project Management Unit တွင်ပါရှိသော တစ်ဦးချင်းစီအတွက်သာမက Unit တစ်ခုလုံး၏ အဓိကတာဝန်နှင့်ဝတ္တရားများ၊ လုပ်ပိုင်ခွင့်များ အစရှိသည်တို့ကို တိတိကျကျ သတ်မှတ်ပြဌါန်း ထားရှိရန် လိုအပ်ကြောင်း၊

• လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေကို ကွန်ပျူတာစနစ်သုံးစွဲ၍လည်းကောင်း Gantt Chart များဖြင့်လည်းရေးဆွဲ၍ စနစ်တကျစောင့်ကြည့်၊ သုံးသပ်ဆောင်ရွက်ရန်အရေးကြီးပါကြောင်း နှင့်

• Schistosomiasis ရောဂါအတွက် ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့အား အသိပေးရှင်းလင်းပြောကြားရန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများအကြား ရောဂါအကြောင်း ပိုမိုသိရှိသတိပြု လာစေရန်အတွက် လက်ကမ်းစာစောင်များ ဖြန့်ဖြူးပေးစေရန် ပြောကြားခဲ့ပါသည်။


 

     ယင်းနောက် တက်ရောက်လာသူများ အသီးသီးအကြံပြုဆွေးနွေးတင်ပြကြပါသည်။

     အဆိုပါ ရှင်းလင်းတင်ပြပွဲသို့ အမြဲတမ်းအတွင်းဝန် (၂) ဒေါက်တာသာထွန်းကျော်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်(ပြည်သူ့ကျန်းမာ) ဒေါက်တာသောင်းလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးသတင်းအချက်အလက်) ဒေါက်တာသက်သက်မူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဆေးသုတေသနဦးစီးဌာန) ဒေါက်တာလှိုင်မြတ်သူ၊ ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ GMS Health Security Project ၏ Project Management Unit မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

More Tags