COVID-19 Clinical Management အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ၍ COVID-19 ကုသရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၆) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီလ (၄) ရက်နေ့၊ ညနေပိုင်းတွင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ရှိ Medical Skill, Simulation and Research Center ၌ ဆေးတက္ကသိုလ် (၁) နှင့် ဆေးတက္ကသိုလ် (၂) မှ ဆေးပညာ ပါမောက္ခ/ဌာနမှူး၊ အရေးပေါ်ဆေးပညာ ပါမောက္ခ/ဌာနမှူး၊ အပူပိုင်းဆိုင်ရာ ပါမောက္ခ/ဌာနမှူးများ၊ အထူးကု ဆရာဝန်ကြီးများ ပါဝင်သော COVID-19 Clinical Management အဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီးအချို့နှင့်တွေ့ဆုံ၍ COVID-19 လူနာများ ကုသမှုကုထုံးဆိုင်ရာ၊ လူနာအဆင့် ခွဲခြားမည့်ပုံစံ၊ ရောဂါပျံ့နှံ့မှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ပါသည်။

ရှေးဦးစွာ COVID-19 Clinical Management အဖွဲ့၏ ကိုယ်စား ဆေးတက္ကသိုလ် (၁)၊ ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာဇော်လင်းအောင်က -

• မွမ်းမံ ပြင်ဆင်ရေးဆွဲပြီးသည့် ကုထုံးလမ်းညွှန်ချက်များ၊

• သတ်မှတ် ဆေးရုံ (designated hospital)များအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊

COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ သက်သာပျောက်ကင်းပြီးနောက် ဆေးရုံဆင်းခွင့် ပေးရန် သတ်မှတ်ချက် (criteria) များ ရေးဆွဲချမှတ်ထားသည့် အခြေအနေများကို တင်ပြခဲ့ ပါသည်။

 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုကဲ့သို့ COVID-19 ကုသရေးလုပ်ငန်းများကို ပြည်သူများ အကျိုးအတွက် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအား မှတ်တမ်းတင်ရှိပါကြောင်း၊

• COVID-19 ကုသရေးလုပ်ငန်းများအတွက် တိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံအသီးသီးရှိ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သော တိုင်းဒေသကြီး/ ပြည်နယ် Clinical Management အဖွဲ့များ ဖွဲ့စည်းကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယခုတင်ပြချက်များနှင့် ဆွေးနွေးချက်များကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်များရှိ Clinical Management အဖွဲ့များထံသို့ အချိန်နှင့် တစ်ပြေးညီ ဝန်ကြီးဌာနမှ ဖြန့်ဝေ ပေးသွားမည်ဖြစ်ပါကြောင်း၊

• ဤရောဂါသည် ရောဂါသစ် ဖြစ်သည်နှင့်အညီ ရောဂါ၏ ပြင်းထန်မှုအခြေအနေနှင့် ရောဂါ၏ ဖြစ်စဉ်ပြောင်းလဲမှုအခြေအနေတို့အပေါ် မူတည်၍ ကုထုံးများကိုလည်း လိုအပ်သလို ချိန်ဆ ကုသရမည်ဖြစ်ပါကြောင်း၊ အောင်မြင်သည့် ကုသချက်များကိုလည်း အချိန်နှင့် တစ်ပြေးညီ တိုင်းဒေသကြီး/ ပြည်နယ် Clinical Management အဖွဲ့များထံသို့ မျှဝေပေးသွားရမည် ဖြစ်ပါကြောင်း၊

 

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)အနေဖြင့် ဓာတ်ခွဲနမူနာများကို အရေ အတွက် ပိုမိုစစ်ဆေးသွားရန် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်)မှလည်း ဓာတ်ခွဲစစ်ဆေးမှု များတွင် ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊

• ရောဂါဖြစ်ပွားသူနှင့် ထိတွေ့နီးကပ်ခဲ့သူများနှင့် သံသယ/ စောင့်ကြည့်လူနာများအားလုံးကို ရရှိသော ဓာတ်ခွဲပစ္စည်းများအပေါ်မူတည်၍ ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ပါကြောင်း၊

• သို့မှသာ ရောဂါဖြစ်သူများကို စောစီးစွာသိရှိပြီး သီးခြားထားရှိကုသမှုပေးနိုင်ကာ ရောဂါ ဆက်လက် ပြန့်ပွားမှု မရှိတော့မည်ဖြစ်ပါကြောင်း၊

• ဆေးရုံကြီးများ၏ ပြင်ပလူနာဌာန (OPD) များတွင် အဖျားရောဂါလူနာများအတွက် သီးသန့် ပြင်ပလူနာဌာန (fever clinic) များကို စနစ်ကျ ဆောင်ရွက်ရန်၊ ဤသို့ပြုလုပ်ခြင်းဖြင့် ရောဂါဖြစ်ပွားသူများကို ပိုမိုရှာဖွေဖော်ထုတ်နိုင်မည်သာမက ရောဂါကူးစက် ပြန့်ပွားမှု ကိုလည်း ထိရောက်စွာဟန့် တားနိုင်မည်ဖြစ်ပါကြောင်း၊

 

• ဤ COVID-19 ကပ်ရောဂါဖြစ်စဉ်တွင် အထူးကြပ်မတ်ကုသဆောင်များကို အဆင့်မြှင့်တင် ခြင်း၊ တိုးချဲ့ခြင်းတို့ဖြင့် ရေရှည်ကာလတွင်လည်း မည်သည့်ရောဂါဖြင့် မဆိုတက်ရောက်မည့် လူနာများအတွက်လည်း အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊

• ကုသရေးပညာရှင် ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်ဖွဲ့စည်းထားသော Clinical Management အဖွဲ့များ၏ တင်ပြမှုများအပေါ် မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အကြံပြုချက်များကိုလည်း အလေးထား စဉ်းစား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသော ဗဟိုအဆင့်တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် (၁) နှင့် ဆေးတက္ကသိုလ် (၂) တို့မှ ဆေးပညာ၊ အပူပိုင်း ဆေးပညာ၊ မေ့ဆေးပညာ၊ အရေးပေါ်ဆေးပညာ၊ ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီးများနှင့် ဆေးရုံအုပ်ကြီးများက -

 

• ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ၊ ဆေးနှင့်ဆေးပစ္စည်းများကို resource mobilization ပြုလုပ်ရန်ကိစ္စ၊

• COVID-19 သံသယလူနာများအား စောင့်ကြပ်ကုသခြင်းနှင့် လွှဲပြောင်းကုသခြင်းလုပ်ငန်း များအား ပုဂ္ဂလိက ဆေးရုံများနှင့် ညှိနှိုင်းဆောင်ရွက်ရေးကိစ္စနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ရှိ Medical Skill, Simulation and Research Center သို့ သွားရောက်စဉ်တွင် သူနာပြုတက္ကသိုလ် (ရန်ကုန်) မှ စေတနာ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်မည့် သူနာပြု သင်တန်းသား၊ သင်တန်း သူများအား တစ်ကိုယ်ရည်ရောဂါကာကွယ်ရေးဝတ်စုံ (PPE) စနစ်တကျ အသုံးပြု ဝတ်ဆင်ခြင်း သင်ကြားမှုများ ပြုလုပ်နေသည်ကို ကြည့်ရှုခဲ့ပါသည်။ အလားတူ အခြားဝန်ထမ်းများကိုလည်း သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

More Tags