COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့်ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၃၆/၂၀၂၀) ကျင်းပ (17-3-2020, 9:00 AM)

Union Minister Dr. Myint Htwe attends the central coordination meeting (36/2020) on preparedness for detection and response to Coronavirus Disease (COVID-19)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၇) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၉) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၆/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။

     ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက‌ ပြောကြားရာတွင် -

• ယခုကဲ့သို့ ကမ္ဘာ့နိုင်ငံများတွင် COVID-19 ရောဂါပျံ့နှံ့ကူးစက်မှု အရှိန်အဟုန်မြှင့် များပြားနေသည့် ကာလအတွင်း မိမိတို့နိုင်ငံတွင်းသို့ အဆိုပါနိုင်ငံများမှ ဝင်ရောက်လာသော ခရီးသည်များအား အထူးအားထည့်၍ ရောဂါဖြစ်ပွားသူ ရှာဖွေခြင်းကိုလည်းကောင်း၊ ဝင်ရောက်လာသည့်အရေအတွက် နည်းနိုင်သမျှ နည်းပါးရမည် ဟူသော ခံယူချက်ဖြင့် မိမိတို့သည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ဆုံးဖြတ်ချက်များကို ပြတ်ပြတ်သားသားအကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း၊

 

• ကမ္ဘာအရပ်ရပ်ရှိ COVID-19 ရောဂါဖြစ်ပွားသောနိုင်ငံများ၌ ရောဂါကာကွယ်ထိန်းချုပ်သည့် လုပ်ငန်းနည်းဗျူဟာများကို သုံးသပ်ကြည့်ရာ ၎င်းနိုင်ငံများ၌ လေယာဉ်ခရီးစဉ်များ ပိတ်ပင်ခြင်း၊ လျှော့ချခြင်း၊ မြို့များ၌ အဝင်၊ အထွက်ပိတ်ပင်ခြင်း၊ ကျောင်းများ ပိတ်ပင်ခြင်း၊ မရှိမဖြစ်ဆိုင်များမှလွဲ၍ အခြားဆိုင်များပိတ်ပင်ခြင်းနှင့် လူစုလူဝေးများ မလုပ်ရန် ပိတ်ပင်ခြင်းတို့ကိုလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာနိုင်ငံတစ်ခုမှ ဦးစီးကျင်းပသည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များစွာတက်ရောက်မည့် အစည်းအဝေးများ၊ ညီလာခံများ ပိတ်ပင်ခြင်းများကို လည်းကောင်း ပြတ်ပြတ်သားသား လုပ်ဆောင်နေသည်များကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ဖြစ်ပေါ်လာမည့် အခြေအနေပေါ်မူတည်၍ လိုအပ်လျှင် လိုအပ်သလိုဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနမှ ဗဟိုကော်မတီသို့ အကြံပြုတင်ပြဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• မိမိတို့နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူမတွေ့ရှိရသေးသော ရောဂါကာကွယ်ထိန်းချုပ်နိုင်မည့် အခွင့်အလမ်းပြတင်းပေါက်ဖွင့်ချိန်ကာလ (window of opportunity) (၂) လခွဲခန့် အတွင်း ထိရောက်စွာလုပ်ဆောင်လျက်ရှိပါကြောင်း၊ ဤအခွင့်အလမ်းပြတင်းပေါက်ဖွင့်ချိန်ကာလသည် အချိန်မရွေးပိတ်သွားနိုင်သည်ဖြစ်၍ ဆေးရုံပိုင်းဆိုင်ရာပြင်ဆင်မှုလုပ်ငန်းများ၊ ပြည်သူများအား ဤရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းများ၊ ပြည်သူများကိုယ်တိုင်ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများပေးအပ်ခြင်း စသည်များကို အဖက်ဖက်မှအအဆင်သင့်ဖြစ်စေရေးကို ယခု ထက်ပိုမိုအားထုတ် ဆောင်ရွက်ပါက ရေရှည်တွင် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊

• မိမိတို့သည် ယခုအခါ video conferencing ဖြင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ဆောင်ရွက်နေသဖြင့် လုပ်ငန်းများပိုမိုလျင်မြန်စွာပြီးစီးမည့်အပြင် လုပ်ဆောင်ထားရှိမှု အခြေအနေများ ထိရောက်မှုရှိ၊ မရှိကိုအချိန်နှင့် တစ်ပြေးညီ ဆန်းစစ်သုံးသပ်နိုင်ပြီဖြစ်ပါကြောင်း၊

 

• ထိုသို့ video conferencing ပြုလုပ်ခြင်းဖြင့် ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ကျန်းမာရေးဝန်ထမ်းများအား ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အသိပညာများဖလှယ်နိုင်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆေးရုံများ၏ လိုအပ်ချက်များကို သိရှိပြီး ဖြည့်ဆည်းပေးနိုင်ခြင်း၊ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါ ကူးစက်မှု၊ ပြန့်ပွားမှုပုံစံအခြေအနေများကို ကပ်ရောဂါဗေဒရှုထောင့်မှ သုံးသပ်ပြီး အသိပေးနိုင်ခြင်း အစရှိသည့် အကျိုးများကို ရရှိခြင်းဖြင့် ဤရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ ပိုမိုထိရောက်မည်ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးနှင့် ပတ်သက်၍ ပြည်သူများလိုက်နာ ကျင့်သုံးသင့်သည့် မှတ်သားရလွယ်ကူမည့်အချက်များကို ပြန်လည်စုစည်း ထုတ်ပြန်ပေး ရမည်ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများပိုမိုသိရှိနားလည် သဘောပေါက်စေရန် ဤရောဂါနှင့် ပတ်သက်သည့် အမေးများသည့် မေးခွန်းများနှင့် အဖြေများ (Frequently Asked Questions) အား ပြန်လည်မွမ်းမံထုတ်ပြန်မည်ပါကြောင်း၊

 

• မြန်မာနိုင်ငံအတွင်းရှိသော အကျဉ်းထောင်များမှ အကျဉ်းသားများအပြင် တိုက်ပွဲများဖြစ်ပွား နေဆဲရှိသည့် ဒေသများမှ တိုက်ပွဲရှောင်ဒုက္ခသည်စခန်များမှ နေထိုင်သူများကိုပါ COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေး နိုင်ရေးတို့အတွက် လုပ်ငန်းလမ်းညွှန်ချက်များကို ပြုစု၍ သက်ဆိုင်ရာဝန်ကြီးဌာနသို့ အမြန်ဆုံးပေးပို့ရမည်ဖြစ်ပါကြောင်း၊

• ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးမတက်ရောက်မီတွင် Non-contact thermometer များဖြင့် နေ့စဉ် ကိုယ်အပူချိန်စစ်ဆေးနိုင်ခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများကို ယခုအချိန်ကာလ၌ ပိုမိုအားထည့် ဆောင်ရွက်စေလိုပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဖွင့်လှစ်မည့် သင်တန်းများ၊ လူများစွာတက်ရောက်မည့် အစည်းအဝေးကြီးများနှင့် ညီလာခံများအား တတ်နိုင်သမျှ လျှော့ချနိုင်ရေး (သို့မဟုတ်) ခေတ္တရပ်ဆိုင်းရေး (သို့မဟုတ်) tele conferencing (သို့မဟုတ်) video conferencing အသုံးပြုဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လက်ရှိအခြေအနေတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အထူးဉီးစားပေး၍ တင်းကျပ်စွာဖြင့် လုပ်ဆောင်နေခြင်းခြင်းမှာ ပြည်သူတစ်ဦးတစ်ယောက်မျှ ရောဂါကူးစက်မဖြစ်ပွါးစေရေးနှင့် အသက်ဆုံးရှံးမှုမရှိစေရေးတို့အတွက် ဖြစ်ပါကြောင်း၊

 

• ဤရောဂါ အောင်မြင်စွာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဓိကအရေးကြီးသည့် အချက်ဖြစ်သည့် ပြည်သူများကိုယ်တိုင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းမှုကို ဆောင်ရွက်စေလိုပါကြောင်း၊

• ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ အများအပြားသည် မဟာသင်္ကြန်ကာလအတွင်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း၍ လုပ်ဆောင်သင့်သည်များကို ကြိုတင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဤကိစ္စရပ်သည် နိုင်ငံအတွက် အထူးအရေးကြီးသည့် ရောဂါကာကွယ်ထိန်းချုပ်ရေး ကိစ္စရပ်တစ်ရပ်ဖြစ်ပါကြောင်း၊

• ထိုသို့ပြန်လည်ဝင်ရောက်လာမည့်သူများအနေဖြင့် မိမိတို့၏ နေအိမ်တွင် တတ်နိုင်သမျှ နေထိုင်ရန်၊ သံသယရောဂါလက္ခဏာများပေါ်ပေါက်လာပါက အနီးဆုံးကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားရန် စသည့်အချက်တို့အား တင်းကျပ်စွာလိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်မှုများ ပြုလုပ်နိုင်ရန် ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုများအတွက် လက်ကမ်းစာစောင်များကို အဆင်သင့် ပြုစုထားမည်ဖြစ်ပါကြောင်း၊

• ရွှေတိဂုံစေတီတော်ကြီးအပါအဝင် လူအများလာရောက်သည့်စေတီဘုရားများတွင် ရောဂါကူးစက်ဖြစ်ပွားခြင်းမှာ ကာကွယ်နိုင်ရန် Thermal Scanner များ၊ Non-contact thermometer များ၊ ဆပ်ပြာနှင့် လက်ဆေးနိုင်သည့်နေရာများ၊ အရက်ပြန် အနည်းဆုံး(၆၀) ရာခိုင်နှုန်း ပါဝင်သည့် လက်သန့်စင်ဆေးရည် (Hand Sanitizer) များအား သက်ဆိုင်ရာ စေတီဘုရားဂေါပက အဖွဲ့များမှ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် သာသနာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနမှ ဝယ်ယူထားသည်နှင့် လှူဒါန်းလက်ခံရရှိသည့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို COVID-19 လူနာတွေ့ရှိပါက ထားရှိကုသရန် သတ်မှတ်ထားသော ဆေးရုံများနှင့် ရောဂါထိန်းချုပ်ကုသရေးအတွက် အချက်အခြာကျသော ဦးစားပေးနေရာများကိုဖြည့်ဆည်းမှုများသည် အရေးကြီးပါကြောင်း ပြောကြားခဲ့ပြီး (၁၂-၃-၂၀၂၀) ရက်နေ့တွင် ကျင်းပခဲ့သော ဗဟိုကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်များမှ ဝန်ကြီးဌာနမှ ဆောင်ရွက်ရန် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     အစည်းအဝေးတွင် -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် နောက်ဆုံးအချက်အလက် (Daily Update Situation) များ၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းတွင် COVID-19 ရောဂါဖြစ်ပွား/သေဆုံးမှုများ ကျဆင်း လာပြီဖြစ်သော်လည်း အခြားသောနိုင်ငံများတွင် ဖြစ်ပွား/သေဆုံးမှုများ မြှင့်တက်လျက်ရှိသည့် အခြေအနေများ၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း ရောဂါကူးစက်ပြန့်ပွားမှု (Local transmission) ဖြစ်ပွားနေသည့် နိုင်ငံများနှင့် ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေများအား ကပ်ရောဂါဗေဒရှုထောင့်မှ သုံးသပ်ချက် (Epidemiological Analysis) အချက်အလက်များ၊

• တိုင်းဒေသကြီး/ ပြည်နယ်များရှိ ညွှန်းပို့ဆေးရုံများနှင့် အခြားသောဆေးရုံများမှ စောင့်ကြည့်လူနာများ အခြေအနေများ၊ ဓာတ်ခွဲစစ်ဆေးထားသည့် အခြေအနေများနှင့် အဖြေများ၊ ထူးခြားဖြစ်စဉ်များ၊

• အပြည်ပြည်ဆိုင်ရာ လေဆိပ်/ရေဆိပ်များနှင့် နယ်စပ် ဝင်ပေါက်/
ထွက်ပေါက် များမှ နေ့စဉ် ဝင်/ထွက်သွားလာနေသည့်အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များ၊

• တောင်ဉက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံကြီးနှင့် လှည်းကူးပြည်သူ့ကျန်းမာရေးကွင်းဆင်းသင်တန်းကျောင်းတို့ ရှိ ဆောက်လုပ်ပြီး အသုံးမပြုရသေးသည့် အဆောက်အဦသစ်များ၌ အသွားအလာကန့်သတ်ခြင်း (Quarantine) ပြုလုပ်ထားရှိရန် လိုအပ်သည့် ပြင်ဆင်မွမ်းမံထားရှိမှုအခြေအနေများ၊ လိုအပ်နိုင်သည့် ဝန်ထမ်းအင်အားဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊

• တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးဝတ်စုံများ နှင့်အခြားသော ပစ္စည်းများ အလျင်အမြန်ရရှိနိုင်ရေးအတွက် ထပ်မံဝယ်ယူရန်အတွက် ပြင်ဆင်ထားရှိမှုအခြေအနေများစသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။

More Tags