COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (9-4-2020, 8:00 PM)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ၍ ထိရောက်စွာ ကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်၍ အသွား အလာကန့်သတ်ခြင်း၊ လိုအပ်ပါကဆေးရုံတက်ရောက်ကုသမှုခံယူနိုင်စေရေး ဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များရရှိနိုင်ရေး အတွက်နေ့စဉ် သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၈-၄-၂၀၂၀)ရက်နေ့၊ ညနေ (၆)နာရီအချိန်အရ COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးသူ စုစုပေါင်း (၁,၄၀၆)ဦး ရှိပြီး ၎င်းတို့အနက် (၁,၃၈၄)ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိရဘဲ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၂)ဦး တွေ့ရှိခဲ့ပါသည်။

၃။ (၈-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီမှ (၉-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီအထိ စောင့်ကြည့်လူနာအသစ် (၆၆) ဦး ရှိပါသည်။

၄။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၉-၄-၂၀၂၀) ရက်နေ့တွင် စောင့်ကြည့်လူနာ၊ ဆေးရုံနှင့် သက်ဆိုင်ရာနေရာများတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိသောသူများ၏ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃၈)ခုကို ရယူစစ်ဆေးခဲ့ပြီး ညနေ (၆:၃၀) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေ (ပထမအသုတ်)အရ လူဦးရေ (၉၂)ဦး၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးပြီးစီးခဲ့ရာ (ဇယား-၁) တွင် ဖော်ပြထားရှိသော နေအိမ်တွင် စောင့်ကြပ် ကြည့်ရှုလျက်ရှိသူ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၉၁) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၅။ ကျန်ရှိသည့် (၄၆)ဦး၏ ဓာတ်ခွဲနမူနာအဖြေများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်)မှ ဓာတ်ခွဲအဖြေရရှိသည်နှင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

၆။ ဓာတ်ခွဲအတည်ပြုလူနာ (Case–023) သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ် ကျေးရွာတွင် နေထိုင်သည့် အသက် (၅၈)နှစ်အရွယ် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ (Case–001)၏ မိခင်ဖြစ်ကာ အဆိုပါ လူနာနှင့် အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှ (၁၃-၃-၂၀၂၀)ရက်နေ့မှစတင် ထွက်ခွာခဲ့ပြီး ကာတာနိုင်ငံ၊ ဒိုဟာမြို့မှတစ်ဆင့် (၁၅-၃-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ (၁၅-၃-၂၀၂၀) ရက်နေ့တွင် ထွက်ခွာရောက်ရှိခဲ့ပြီး (၁၇-၃-၂၀၂၀)ရက်နေ့တွင် က‌လေးမြို့မှ တီးတိန်မြို့သို့ လည်းကောင်း၊ (၁၈-၃-၂၀၂၀)ရက်နေ့တွင် ကပ်တဲလ်ကျေးရွာသို့ လည်းကောင်း ရောက်ရှိခဲ့ပါသည်။ (Case-001)သည် (၁၉-၃-၂၀၂၀)ရက်နေ့တွင် စတင်ဖျားနာခဲ့သဖြင့် အိမ်တွင် စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်စဉ် (Case-023)အားလည်း အလားတူအိမ်၌ပင် စောင့်ကြပ် ကြည့်ရှုခြင်း ဆောင်ရွက်ခဲ့ပါသည်။ (Case-001)အား ဓာတ်ခွဲအတည်ပြုပြီးချိန်တွင် အဆိုပါ အမျိုးသမီးအား ရွာအတွင်းရှိ သီးသန့်အိမ်တစ်လုံးတွင် သီးခြားခွဲခြား စောင့်ကြပ်ကြည့်ရှုလျက် ထားရှိခဲ့ပါသည်။ စောင့်ကြပ်ကြည့်ရှုခြင်း ပြီးမြောက်ခါနီးဖြစ်၍ (၇-၄-၂၀၂၀)ရက်နေ့တွင် ဓာတ်ခွဲ နမူနာရယူ၍ စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ ယနေ့အထိ အဆိုပါ အမျိုးသမီးတွင် သံသယ ရောဂါလက္ခဏာ တစ်စုံတစ်ရာ တွေ့ရှိရခြင်းမရှိပါ။ အဆိုပါ လူနာအား တီးတိန်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သော ကုသမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၇။ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြိို့တွင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိသော လူနာ (၃)ဦးဖြစ်သည့် (Case – 018 ၊ Case – 019 နှင့် Case – 020) တို့အား (၈-၄-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ စနစ်တကျ ပြောင်းရွှေ့ပေးခဲ့ပြီး ဖြစ်ပါ သည်။

၈။    သို့ဖြစ်ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၁)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၅)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦးနှင့် ယနေ့ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁)ဦး၊ စုစုပေါင်း (၁၈)ဦးတို့ ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက် ရှိပါသည်။

၉။ မန္တလေးတိုင်းဒေသကြီး၊ ကန်တော်နဒီဆေးရုံကြီးတွင် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော အမေရိကန်နိုင်ငံသားခံယူထားသည့် မြန်မာလူမျိုး ဓာတ်ခွဲအတည်ပြုလူနာ (Case- 004) ၏ ဓာတ်ခွဲနမူနာအား (၂-၄-၂၀၂၀) ရက်နေ့နှင့် (၄-၄-၂၀၂၀) ရက်နေ့တို့တွင် ထပ်မံစစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် COVID-19 ရောဂါပိုး မတွေ့ရှိရသည့်အပြင် ၎င်း၏ လက်ရှိကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်လျက်ရှိသဖြင့် (၈-၄-၂၀၂၀) ရက်နေ့၊ ညနေပိုင်းမှစ၍ သီးခြားထားရှိကုသဆောင်မှ ရွှေ့ပြောင်းကာ အဆိုပါ ဆေးရုံကြီး၌ အသွားအလာ ကန့်သတ်၍ စောင့်ကြည့် (Hospital Quarantine) လျက်ရှိကြောင်း သိရှိရပါသည်။

၁၀။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၉-၄-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၃) ဦး တွေ့ရှိလာခဲ့ရပြီဖြစ်ပြီး ၎င်းလူနာများအနက် (၂)ဦးတွင် ဓာတ်ခွဲစစ်ဆေးချက်အရ COVID-19 ရောဂါပိုး မတွေ့ရှိရတော့ဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန် လာပြီဖြစ်သဖြင့် ၎င်းတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် သီးခြားထားရှိကုသမှု (Isolation) မှ (၈-၄-၂၀၂၀)ရက်နေ့၊ ညနေပိုင်းမှစ၍ (Case – 004) အား ဆေးရုံတွင်လည်းကောင်း၊ (Case – 007) အား ဟိုတယ်တွင်လည်းကောင်း အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်း (Quarantine) ဆောင်ရွက် ထားရှိပြီး ဖြစ်ပါသည်။

၁၁။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ် ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏မိသားစုနှင့်ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါကူးစက်မှု မရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။

 
 

More Tags