Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (29-2-2020, 8:00 p.m)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ယနေ့ (၂၉-၂-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ပြန်ကြားချက်အရ မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသော အသက် (၂၀) နှစ်အရွယ် အမျိုးသား (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) စစ်ဆေး သိရှိရသဖြင့် ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာနှင့် သံသယလူနာ စုစုပေါင်း (၄၅) ဦးအား ဓာတ်ခွဲစစ်ဆေးခဲ့ပြီး တစ်ဦးမျှ (တစ်ဦးမျှ) ရောဂါပိုး မတွေ့ရပါကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ (၂၉-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန် အထိ တိုင်းဒေသကြီး/ပြည်နယ် ဆေးရုံများတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျက်ရှိသော သူမရှိပါ။

၃။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့ ဖြစ်ပွားခြင်းများမှ ကာကွယ်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

 
 

More Tags