COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (11-4-2020, 8:00PM)

 


 

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၁-၄-၂၀၂၀)ရက်နေ့၊ ည ဓာတ်ခွဲအဖြေမျာအရ စောင့်ကြည့်လူနာများ၊ ဆေးရုံများနှင့် သက်ဆိုင်ရာ နေရာများတွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံရသူများ စုစုပေါင်း (၁၆၇) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) ၌ ဖော်ပြထားရှိသော လူနာ (၃) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာများနှင့် စောင့်ကြပ်ကြည့်ရှုမှုခံရသူ (၁၆၄) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။

၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-029) သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် နေထိုင်သော အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး (၂၈-၃-၂၀၂၀)ရက်နေ့တွင် အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မင်္ဂလာဒုံမြို့နယ်ရှိ သတ်မှတ်ထားသော အဆောက်အဦတစ်ခုတွင် အသွားအလာ ကန့်သတ်ခြင်း (Facility Quarantine) ပြုလုပ်ရန် ညွှန်းပို့ခဲ့ပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ လူနာအား စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး၊ တောင်ကြီးမြို့သို့ လွှဲပြောင်း ကုသရန် စီစဉ်လျက်ရှိပြီး လတ်တလောကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-030) သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်တစ်ဦးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးအား အနီးကပ် ဆေးကုသမှုပေးခဲ့သည့် ရာဇဝင်ရှိခဲ့သဖြင့် ၎င်းထံမှ ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ လူနာအား ဝေဘာဂီဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ် လျက်ရှိပြီး လတ်တလောကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာ (Case-031) သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် နေထိုင်သော အသက် (၄၉)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ (Case-001) သည် ကလေးမှ တီးတိန်သို့သွားစဉ် (Case-031) ၏ နေအိမ်၌ ညအိပ်တည်းခိုခဲ့ကြောင်း သိရှိရပါသည်။ (Case-001) အား ဓာတ်ခွဲအတည် ပြုလူနာအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ၎င်းအား (၂၅-၃-၂၀၂၀)ရက်နေ့မှ စတင်ကာ နေအိမ်၌ အသွားအလာ ကန့်သတ်ထားရှိခြင်းဖြစ်ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ လူနာအား တီးတိန်ဆေးရုံသို့ လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိပြီး လတ်တလောကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၅။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၁-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၁) ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

၆။ သို့ဖြစ်ရာ လက်ရှိ ကုသမှုပေးခံယူလျက်ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၂)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် လူနာ (၁၈) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ တီးတိန်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ပေးပို့ရန် စီစဉ်လျက်ရှိသော လူနာ (၁)ဦး၊ ဝေဘာဂီ အထူးကုဆေးရုံသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်လျက်ရှိသော လူနာ (၁)ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်လျက် ရှိသော လူနာ (၁)ဦး၊ စုစုပေါင်း (၂၅)ဦးတို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကု ဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၇။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှု သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြား စေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

 

 

 
 

More Tags