COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (10-4-2020, 3:00AM)


၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၉-၄-၂၀၂၀)ရက်နေ့၊ ညပိုင်းတွင် စောင့်ကြည့်လူနာများနှင့် ဆေးရုံများနှင့် သက်ဆိုင်ရာ နေရာများတွင် အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုမှုခံနေသူ စုစုပေါင်း (၄၆) ဦး၏ ဓာတ်ခွဲနမူနာများအား (ဒုတိယအသုတ်အနေဖြင့်) စစ်ဆေးခဲ့ရာ (ဇယား-၁) ၌ ဖော်ပြထားရှိသော လူနာ(၄)ဦး၏ ဓာတ်ခွဲအဖြေ များတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ)ရပြီး ကျန်လူနာများနှင့် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံနေသူ (၃၉)ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။ ကျန်ရှိသည့် ဓာတ်ခွဲနမူနာ (၃)ခုအား ဆက်လက်စမ်းသပ် စစ်ဆေးသွားမည် ဖြစ်ပါ သည်။

၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-024) သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော အသက် (၃၂)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး ၎င်းသည် စင်္ကာပူနိုင်ငံတွင် သွား‌ရောက်အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါသည်။ (၁၉-၃-၂၀၂၀)ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၁-၄-၂၀၂၀)ရက်နေ့မှစ၍ ဖျားခြင်း၊ မောပန်းခြင်း၊ ခံစားခဲ့ရကာ (၆-၄-၂၀၂၀)ရက်နေ့တွင် လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းများ ဆက်လက်ဖြစ်ပွားခဲ့သဖြင့် (၈-၄-၂၀၂၀)ရက်နေ့၊ နေ့လယ်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ဒေသန္တရ ကျန်းမာရေးဌာနသို့ သွားရောက်ပြသခဲ့ပြီး ထိုမှတစ်ဆင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့၍ စောင့်ကြည့် လူနာအဖြစ်သတ်မှတ်ကာ သီးခြားထားရှိကုသမှု‌ ဆောင်ရွက်ခဲ့ပြီး လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-025) သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် (၅၅)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး ၎င်းမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄)ရက်အတွင်း ခရီးသွားရာဇဝင် မရှိသော်လည်း (၂-၄-၂၀၂၀)ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း ခံစားခဲ့ရသဖြင့် (၉-၄-၂၀၂၀)ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိပြီး ကုသမှု‌ပေးခဲ့ကာ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလူနာတွင် သွေးတိုး ရောဂါနှင့် ဆီးချိုရောဂါအခံရှိကြောင်း သိရှိရပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာ (Case-026) သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက် (၅၆)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄)ရက်အတွင်း ခရီးသွားရာဇဝင် မရှိသော်လည်း (၁-၄-၂၀၂၀)ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် (၈-၄-၂၀၂၀)ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိပြီး ကုသမှု‌ပေးခဲ့ပြီး ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေး ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလူနာတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိကြောင်း သိရှိရပါသည်။

၅။ ဓာတ်ခွဲအတည်ပြုလူနာ (Case-027) သည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နေထိုင်သော အသက် (၂၄)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေရန် တစ်လခန့် သွားရောက်နေထိုင်ခဲ့စဉ် ဗိုက်အောင့်ဝေဒနာခံစားခဲ့ရသဖြင့် ထိုင်းနိုင်ငံ၌ (၁) လခန့်ကြာ ဆေးရုံတက်ရောက်ကုသခဲ့ပါသည်။ (၂၀-၃-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့မှတစ်ဆင့် ၎င်းနေထိုင်ရာ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့ကာ နေအိမ်တွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံနေရာမှ (၂၉-၃-၂၀၂၀)ရက်နေ့တွင် သတ်မှတ်နေရာသို့ ပို့ဆောင်၍ အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်း (Facility Quarantine) အဖြစ် ပြောင်းလဲ ဆောင်ရွက်ခဲ့ပါသည်‌။ ထိုသို့ဆောင်ရွက်ထားရှိစဉ် ဗိုက်အောင့်ဝေဒနာ ထပ်မံခံစားခဲ့ရသဖြင့် (၃၀-၃-၂၀၂၀)ရက်နေ့တွင် ပြည်သူ့ဆေးရုံ၊ ကျိုက်မရောမြို့သို့ ပို့ဆောင်ကာ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုကုသမှု (Hospital Quarantine) ဆောင်ရွက်ခဲ့ပြီး (၈-၄-၂၀၂၀) ရက်နေ့တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။

၆။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၀-၄-၂၀၂၀)ရက်နေ့၊ နံနက် (၃:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၇)ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

၇။ သို့ဖြစ်ပါ၍ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၂)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် လူနာ (၁၅)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် (၂)ဦးနှင့် ပြည်သူ့ဆေးရုံ၊ ကျိုက်မရောမြို့ တွင် (၁)ဦး၊ စုစုပေါင်း (၂၂)ဦးတို့ ဖြစ်ပြီး မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ လူနာ(၁) ဦးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး လူနာ(၂)ဦးတို့အား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုမှုများ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ အနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြား စေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။

 

 

 

More Tags