COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (1-4-2020, 8:00PM)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၃၁-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၁-၄-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၃၆) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁-၄-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၆)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေး ခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါ ပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၅) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာ (Case-16) သည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သူ၊ အသက် (၆၃) နှစ်ရှိသူအမျိုးသမီးသည် (၁၅-၃-၂၀၂၀) ရက်နေ့တွင် ဒူဘိုင်းမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ပြီး၊ သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ပါသည်။ ထိုသို့ တည်းခိုနေထိုင်စဉ် (၂) ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းခံစားခဲ့ရကာ၊ (၃၀-၃-၂၀၂၀) ရက်နေ့တွင် ပိုမိုမောပန်းပြီး ကိုယ်အပူချိန်မြင့်တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ (၃၁-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက် ကုသမှုခံယူခဲ့ပါသည်။ အဆိုပါလူနာအား မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့် လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုများ ပေးခဲ့ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလူနာအား ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လူနာတွင် ဆီးချိုရောဂါ အခံရှိသဖြင့် အထူးစောင့်ကြပ်ကုသမှု ပေးလျက်ရှိပါသည်။

၅။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၅) ဦးအနက် ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၀) ဦး နှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ စုစုပေါင်း (၁၄) ဦး တို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ် ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၆။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာသဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ သည်။ ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ် ရေး ဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

 

 

 
 

More Tags