COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၃/ ၂၀၂၀) ကျင်းပ (12-3-2020)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၂) ရက်နေ့
 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၃/ ၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်များမှာ -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့က (၁၁-၃-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုများအား ကမ္ဘာ့ကပ်ရောဂါ (pandemic) အဖြစ်သတ်မှတ် ကြေညာခဲ့ပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မိမိတို့နိုင်ငံအပါအဝင် ရောဂါကူးစက်ပျံ့နှံ့မှုမရှိသေးသော နိုင်ငံများအတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သော - (က) ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးခြင်း၊ (ခ)အရေးပေါ်တုံ့ပြန်ရေးစနစ်ကို အဆင်သင့်ပြင်ဆင်ထားရှိ အသက်သွင်းထားခြင်း၊ (ဂ) ပြည်သူလူထုအားရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ခြင်း၊ (ဃ)ရောဂါပိုးရှိသူများရှာဖွေခြင်း/ အခြားနိုင်ငံများမှ ရောဂါရှိသူများနှင့် ထိတွေ့ခဲ့သူများကို အသွားအလာကန့်သတ်ခြင်း၊ သံသယရှိသူများကို သီးခြားခွဲထားရှိခြင်း၊ (င) ရှိရင်းစွဲ ရောဂါစောင့်ကြပ်ကြည့်ရှုမှုစနစ်များကို သုံး၍ သံသယရှိသူများကို ဖော်ထုတ်ကာ COVID-19 ရောဂါပိုး ဓာတ်ခွဲစမ်းသပ်ခြင်း၊ (စ) လက်ကို သန့်ရှင်းစင်ကြယ်အောင်ဆေးကြောခြင်း၊ ချောင်းဆိုး၊ နှာချေခြင်း ကျင့်ဝတ်နှင့် လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာနေခြင်းအားရှောင်ကြဉ်ခြင်းတို့ကို လက်တွေ့ကျင့်သုံးရန် ပြည်သူများအား အသိပညာပေးခြင်း အချက်များအား ဆောင်ရွက်ရန် တိုက်တွန်းထားခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါအချက်များကို ဆောင်ရွက်နေပြီးဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့အနေဖြင့် ပြည်သူများအကြား ဤရောဂါဖြစ်ပွားမှုလုံးဝမရှိစေရေးနှင့် အသက်ဆုံးရှုံးမှု မရှိစေရေးတို့ ဖြစ်ပါကြောင်း၊

• ထို့အပြင်လူနာများအားကုသမှုပေးသည့် မိမိတို့၏ကျန်းမာရေးဝန်ထမ်းများထံ COVID-19 ရောဂါ ကူးစက်မှုမရှိစေရေးအတွက် လိုအပ်သည့် ကာကွယ်ရေးလုပ်ငန်းများ၊ ပစ္စည်းကိရိယာ များ လုံလောက်စွာရှိစေရေးကိုလည်း အလေးပေးဆောင် ရွက်လျက်ရှိပါကြောင်း၊

• ကမ္ဘာအရပ်ရပ်ရှိနိုင်ငံများတွင် COVID-19 ရောဂါ လောလောဆယ်ဖြစ်ပွားပျံ့နှံ့မှု အခြေအနေများကို ပြည်သူ့ကျန်းမာရေးရှုထောင့်မှ သုံးသပ်ကြည့်ရာ မိမိတို့နိုင်ငံသို့ ရောဂါဝင်ရောက် နိုင်မည့် အလားအလာသည် တစ်နေ့တစ်ခြားပိုမိုများပြားလာနေပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အားလုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးသကဲ့သို့ ပြည်သူများမှလည်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးသည် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စဖြစ်သည်ကဲ့သို့ နှလုံးသွင်းကာ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများ၏ အခန်းကဏ္ဍသည်အထူး အရေးကြီးပါကြောင်း၊ ပြည်သူများ ပါဝင်ပူးပေါင်းဆောင်ရွက်မှုမရှိပါက မိမိတို့၏ ဆောင်ရွက်ချက်များ၏ အကျိုးကျေးဇူးသည် ရာနှုန်းပြည့်ရရှိနိုင်မည် မဟုတ်ပါကြောင်း၊

 

• ပြည်သူများထံမှ မှန်ကန်ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများရရှိနိုင်ရန်အတွက်လည်းကောင်း၊ လိုအပ်သည်များကို အကြံပြုတောင်းဆိုနိုင်ရန် အတွက် လည်းကောင်း၊ ပြည်သူများတွင် ဤရောဂါ ကူးစက်ပြန့်ပွား မှုကာကွယ်ခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာဗဟုသုတကြွယ်ဝရေးမှာ အရေးကြီးပါကြောင်း၊ အဆိုပါကိစ္စရပ်အတွက် ဝန်ကြီးဌာနမှ မဟာဗျူဟာများ ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• လက်ရှိအခြေအနေတွင် ပြည်သူများအနေဖြင့် အတိုင်းအတာတစ်ခုအထိ ပူးပေါင်းပါဝင်မှုများကို တွေ့ရှိနေရပါကြောင်း၊ ပြည်သူများထံမှ ယခုထက်ပိုမိုကောင်းမွန်သည့် ပူးပေါင်းပါဝင် ဆောင်ရွက်မှုများရရှိစေရန်အတွက် မိမိတို့အနေဖြင့်ဆန်းသစ်သော နည်းဗျူဟာများဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• ဤကိစ္စအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများမှ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၌ ဦးဆောင်၍ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

• လွန်ခဲ့သော (၂) ပတ်တာကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံပြင်ပ၌ COVID-19 ရောဂါဖြစ်ပွားမှုသည် (၁၃) ဆခန့် မြှင့်တက်လာပြီး ဖြစ်ပွားသော နိုင်ငံအရေအတွက်မှာလည်း(၃)ဆ တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ ဤအချက်ကို မိမိတို့အနေဖြင့် အထူးသတိထား၍ နောက်ခံထားစဉ်းစားရမည် ဖြစ်ပါကြောင်း၊

• အီတလီ၊ အီရန်နှင့် ကိုရီးယားသမ္မတနိုင်ငံ အစရှိသည့်နိုင်ငံများ၌ ရောဂါပျံ့နှံ့မှုများသည် ရုတ်တရက်များပြားစွာ ဖြစ်ပေါ်လာခြင်းဟူသောအချက်သည် ကပ်ရောဂါဗေဒရှုထောင့်မှ အထူးအရေးကြီးသည့် အချက်တစ်ချက်ဖြစ်ပြီး မိမိတို့နိုင်ငံတွင် ၎င်းတို့ကဲ့သို့မဖြစ်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• အဆိုပါနိုင်ငံများကဲ့သို့ ဖြစ်ပွားပါက မိမိတို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မနိုင်နင်းသော တာဝန်ကိုထမ်းရမည်ဖြစ်ပါကြောင်း၊

• ယခုလောလောဆယ်ကာလ၌ ဤရောဂါ ကာကွယ်ထိန်းချုပ်ရန် ကိစ္စရပ်များကို ပြတ်ပြတ်သားသားဆုံးဖြတ်ရမည်ဖြစ်ပါကြောင်း၊

• မိမိတို့အနေဖြင့် ပြည်သူ့ကျန်းမာရေး၊ ကပ်ရောဂါဗေဒ၊ လူမှုရေး၊ စီးပွားရေး၊ ခရီးသွားလာရေး၊ ကုန်သွယ်ရေး စသည့် ရှုထောင့်ပေါင်းစုံမှ ဝိုင်းဝန်းစဉ်းစားသုံးသပ်ကာ ဆုံးဖြတ်မည် ဖြစ်ပါကြောင်း၊

• ဆုံးဖြတ်ရာ၌ မြန်မာနိုင်ငံ ပြည်သူများ၏ အရေး၊ မြန်မာနိုင်ငံ ပြည်သူများ ရောဂါမရရှိစေရေး၊ ရောဂါဖြစ်ပွားပါကလည်း သေဆုံးမှု အနည်းဆုံးဖြစ်စေရေးတို့ကို နောက်ခံထား၍ မိမိတို့ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• မိမိတို့နိုင်ငံအတွင်းသို့ ရောဂါသည် မလွဲမသွေဝင်ရောက်နိုင်သည်ဟူသော အသိစိတ်ဓာတ်ဖြင့် ရောဂါကာကွယ် ထိန်းချုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုပြီး ဆေးရုံများတွင်ဆေးနှင့် ဆေးပစ္စည်းများအသင့်ပြင် ဆင်ထားရှိမှု၊ ကုသမှုပေးမည့် ဝန်ထမ်းများအတွက် ရောဂါကူးစက်ခြင်းမရှိစေရန် ရောဂါကာကွယ်ရေးပစ္စည်းများလုံလောက်မှုရှိစေရေးတို့ကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊

• မိမိတို့ ဝယ်ယူထားသည်နှင့် လှူဒါန်းလက်ခံရရှိထားသည့် ဆေးနှင့် ဆေးပစ္စည်းများအား လူနာများအားကိုင်တွယ်ကုသမှုပေးမည့် ကျန်းမာရေးဝန်ထမ်းများ (Front line health staff) အတွက် ဖြန့်ဖြူးပေးရန်ကို ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှ သုံးသပ်ပြီး အရေးကြီးကိစ္စအနေဖြင့် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊

• ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သည့်သင်တန်းများ ပေးခြင်းများကိုလည်း ဆက်လက်အားဖြည့်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊

• မိမိတို့လုပ်ဆောင်ထားရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်မှုရှိ၊ မရှိကို သိရှိနိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေးနိယာမများနှင့်အညီ ပြန်လည်ဆန်းစစ် သုံးသပ်မှုများပြုလုပ်ကာ လိုအပ်သည်များ အားဖြည့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဆောင်ရွက်ထားရှိသောလုပ်ငန်းများအား ဆန်းစစ်သုံးသပ်ရာတွင် နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပြည်သူများပါ ပါဝင်၍ အကြံပြုဆွေးနွေးပြောကြားနိုင်ရေး အတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကိုလည်း ယခုရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊

• အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာရေး၊ ကပ်ရောဂါဗေဒရှုထောင့်တို့မှ ဆွေးနွေးမှုများအပြင်၊ မီဒီယာများရှုထောင့်၊ ပြည်သူများ၏ရှုထောင့်၊ ကျန်းမာရေးအသိပညာဖြန့်ဝေမှုနှင့် သတင်းပြန်ကြားမှုဆိုင်ရာကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေးမှုများကိုပါ ရယူဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊

• မိမိတို့နိုင်ငံတွင် ယခုအချိန်၌ COVID-19 ရောဂါ ဖြစ်ပွားမှု မတွေ့ရှိရသေးသည့်အတွက် ပြင်ပနိုင်ငံများမှ ဝင်ရောက်မှုနည်းသည်နှင့်အမျှ နိုင်ငံအတွင်းသို့ ကူးစက်ပျံ့နှံ့နိုင်ချေ နည်းပါးစေမည် ဆိုသည့်အချက်ကို သိရှိသဘောပေါက်ရမည်ဖြစ်ပါကြောင်း၊

• ထိုကြောင့် ရောဂါဖြစ်ပွားမှုများပြားသည့် နိုင်ငံများမှ ခရီးသွားများ ပြည်တွင်းသို့ဝင်ရောက်မှု နည်းနိုင်သမျှနည်းပါးစေရေးအတွက် လုပ်ဆောင်ရန်ရှိသည်များကို မိမိအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံသို့ စာဖြင့်ပေးပို့ အကြံပြုထားခဲ့ပြီးဖြစ်ပါကြောင်း၊

• အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များမှ ဝင်ရောက် လာသူများအား ရောဂါဖြစ်ပွားမှုများပြားသည့်နိုင်ငံများအလိုက် ယေဘုယျအားဖြင့် (၁၄) ရက်ကြာ အသွားအလာကန့်သတ်ခြင်း (Quarantine) အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊

• ဝန်ကြီးဌာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်ထိရောက်မှုရှိ စေရန်အတွက် - ကပ်ရောဂါဗေဒရှုထောင့်သုံးသပ်ဆန်းစစ်မှုအဖွဲ့ကို ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ကလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းဆန်းစစ်သုံးသပ်မှုအဖွဲ့ကို ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ) က လည်းကောင်း၊ ဆေးရုံပိုင်းကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဆန်းစစ်သုံးသပ်မှုအဖွဲ့ကို ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ကလည်းကောင်း၊ နိုင်ငံတကာဝင်၊ ထွက်ဂိတ်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆန်းစစ်သုံးသပ်မှုအဖွဲ့ကို ဒုတိယညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး) ကလည်းကောင်း အသီးသီး တာဝန်ယူ ဦးဆောင်၍ စနစ်တကျစတင်ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေး၌ -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုများအား ကမ္ဘာ့ကပ်ရောဂါ (pandemic) အဖြစ်သတ်မှတ်ကြေညာခဲ့မှုနှင့် ဆက်စပ်သည့် ကိစ္စရပ်များ၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် နေ့စဉ် ဖြစ်ပွားမှုအခြေအနေများ၊ ကမ္ဘာ့နိုင်ငံများတွင် လူနာအသစ်ဖြစ်ပွားမှု မြင့်တက်လျက်ရှိသည့် အခြေအနေများ၊

• တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ညွှန်းပို့ဆေးရုံကြီးများ (Designated Hospitals) နှင့် အခြားသောဆေးရုံကြီးများရှိ စောင့်ကြည့်လူနာများ၏ အခြေအနေများနှင့် ထူးခြားဖြစ်စဉ် များ၊ ဓာတ်ခွဲနမူနာ စစ်ဆေးထားရှိသည့်အခြေအနေများ၊

• အပြည်ပြည်ဆိုင်ရာလေဆိပ်/ ရေဆိပ်များ၊ နယ်စပ် ဝင်ပေါက်/ ထွက်ပေါက်ဂိတ်များမှ ဝင်ထွက်သွားလာမှု အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များ၊

• COVID-19 ရောဂါဖြစ်ပွား/သေဆုံးမှု မြင့်တက်နေသည့်နိုင်ငံများမှ ပြန်လည်ရောက်ရှိလာ မည့် မြန်မာနိုင်ငံသားများအတွက် Quarantine (၁၄) ရက်ထားရှိ နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများ၊

• ပြည်သူများ ကျန်းမာရေးအသိပေးနှိုးဆော်မှုများလိုက်နာဆောင်ရွက်ရေး အတွက် လုပ်ဆောင်နေမှုများ၊

• ဗဟိုအဆင့်တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများ Vidoe Conferencing ပြုလုပ်၍ လုပ်ငန်းဆွေးနွေး ပြောကြားမှုများ၊

• ဆေးနှင့် ဆေးပစ္စည်းဝယ်ယူထားရှိမှု၊ လှူဒါန်းလက်ခံရရှိမှု စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်/ ဖြန့်)၊ နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီး၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီး များနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-health၊ ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး၊ ပြည်သူကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) စသည့် ကဏ္ဍအသီးသီးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags