COVID-19 ကုသရေးဌာန (ဖောင်ကြီး) ပြင်ဆင်ထားရှိမှုများအား ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းကြည့်ရှု

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာရှိ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) တွင် COVID-19 လူနာများထားရှိကုသနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ ပုဂ္ဂလိကဆေးရုံများအသင်းစသည်တို့နှင့် ပူးပေါင်း၍ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား စံချိန်စံညွှန်းကိုက်ညီမှု ရှိ၊ မရှိအခြေအနေများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အတူ ကွင်းဆင်း၍ လှည့်လည် ကြည့်ရှုခဲ့ပါသည်။

     ရှေးဦးစွာပြည်ထောင်စုဝန်ကြီးသည် COVID-19 ကုသရေးဌာန (ဖောင်ကြီး) ပြင်ဆင် ဆောင်ရွက်ရာတွင် တာဝန်ယူဆောင်ရွက်နေသူများနှင့်တွေ့ဆုံရာ၌ -

 

• ယခုကဲ့သို့ ပြည်သူများအကျိုးအတွက် ခံယူချက်စိတ်ထားပြည့်ဝစွာဖြင့် ကိုယ်ပိုင်အရေးကိစ္စ သဖွယ်သဘောထားကာ အချိန်တိုအတွင်း COVID-19 ကုသရေးဌာနဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းဆောင်ရွက်ကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• မိမိတို့နိုင်ငံတွင် လက်ရှိ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၂၂)ဦးသာတွေ့ရှိရသေး သော်လည်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၌ ဝေဘာဂီအထူးကုဆေးရုံကြီးအပြင် တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးရှိ (၄) ထပ်ဆောင်သစ်နှင့် ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) တို့တွင် COVID-19 ကုသရေးဌာနများ ပြင်ဆင်ထား ရှိခြင်းဖြစ်ပါ ကြောင်း၊ လူနာများကုသရန် လိုအပ်ပါက ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၌ မွမ်းမံပြင်ဆင်လျက်ရှိသော COVID-19 ကုသရေးဌာနကို အသုံးပြုမည်ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများအားလုံး ပူးပေါင်း၍ ဤရောဂါဆက်လက်ပြန့်ပွားမှုမရှိစေရေးအတွက် အစွမ်းကုန်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• သို့ရာတွင် ဤရောဂါသည် အသစ်အဆန်းဖြစ်သော ရောဂါတစ်ခုဖြစ်သည့်အပြင် အခြား ကမ္ဘာ့နိုင်ငံများ၌ လျင်မြန်စွာကူးစက်ပြီး သေဆုံးမှုများနေမှုများ ဖြစ်ပွားနေသည် ဆိုသည့် အချက်ကို နောက်ခံထား၍ အဆိုးဆုံးသော အခြေအနေဖြစ်လာပါက လူနာများကို ထိရောက်စွာ ကုသပေးပြီး သေဆုံးမှုလျှော့ချနိုင်ရေးအတွက် ဤကဲ့သို့ COVID-19 ကုသရေးဌာန (ဖောင်ကြီး) ကို ပြင်ဆင်လျက်ရှိသည်မှာ များစွာ အထောက်အကူပြု နိုင်မည် ဖြစ်ပါကြောင်း၊

• မိမိတို့နိုင်ငံကဲ့သို့ ချမ်းသာကြွယ်ဝမှုမရှိသော နိုင်ငံတစ်ခုတွင် လက်ဝယ်ရှိသော အရင်း အမြစ်များကို ထိရောက်စွာ အသုံးချ၍ အကောင်းဆုံးဆောင်ရွက်နေခြင်းဖြစ်ပြီး ဝိုင်းဝန်းပံ့ပိုး ပေးသော အလှူရှင်များအားလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• ယခုကဲ့သို့ ကုသရေးကဏ္ဍပြင်ဆင်မှုများဆောင်ရွက်နေသကဲ့သို့ ရောဂါဖြစ်ပွားမှုနှင့် ကူးစက်ပြန့်ပွားမှုများမရှိစေရေးအတွက် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို အထူးအားစိုက် ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လက်ကိုင်အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများကို ယခုထက် အကြိမ်ရေများစွာတိုးမြှင့်၍ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ သာမက အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရာ (quarantine site) နေရာများတွင်လည်း ဆောင်ရွက်စေ လိုပါကြောင်း၊

 

• ဤ COVID-19 ကုသရေးဌာန (ဖောင်ကြီး) စီမံခန့်ခွဲရေးအဖွဲ့ နှင့် ကုသရေးဆိုင်ရာလုပ်ငန်း ကော်မတီများဖွဲ့စည်းပြီး ကုသရေးဆိုင်ရာလုပ်ငန်းများအတွက် ဆေးပညာပါမောက္ခများ၊ အရေးပေါ်ဆေးပညာပါမောက္ခများ၊ မေ့ဆေးပညာပါမောက္ခများ၊ အပူပိုင်းဆိုင်ရာရောဂါ ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီးများ၊ စီမံခန့်ခွဲအုပ်ချုပ်ရေးမှ တာဝန်ရှိသူများမှ တိုင်ပင် ညှိနှိုင်းဆောင်ရွက်နေသည်ကို တွေ့ရှိရသည်ကို အထူးကျေနပ်မှုရှိပါကြောင်း၊

• COVID-19 ကုသရေးဌာန (ဖောင်ကြီး) အတွက်လိုအပ်သည်များအား ဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားရာတွင် -

• မိမိတို့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူများအကြား COVID-19 ဆက်လက်ပြန့်ပွားမှုမရှိစေရေး အကောင်းဆုံးကို မျှော်လင့်ဆောင်ရွက်နေပြီး အကယ်၍ COVID-19 လူနာများ များပြားပြီး အဆိုးဆုံးအခြေအနေဖြစ်လာပါကလည်း အဆင်သင့် ထားရှိ ကုသမှုပေးနိုင်ရေးအတွက် ဖြစ်မြောက်စေရန် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊

• COVID-19 ကုသရေးဌာန (ဖောင်ကြီး) ကို ဧပြီလ (၂၁) ရက်နေ့တွင် အသင့်ဖွင့်လှစ် ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေပြီး လာရောက်တာဝန်ထမ်းဆောင်မည့် ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အကူပြုပညာရှင်များ၊ စေတနာ့ဝန်ထမ်းများ နေထိုင်ရေး၊ စားသောက်ရေး တို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• လူနာခန်းသို့ အခန်းပြင်ပမှ စောင့်ကြပ်ကြည့်ရှုနိုင်ရန် CCTV များနှင့် လူနာခန်းအတွင်းမှ ပြင်ပသို့ ဆက်သွယ်နိုင်ရန်တို့ကိုလည်း နည်းပညာပိုင်းဆိုင်ရာ စီစဉ်ဆောင်ရွက်ထားပါ ကြောင်း၊

• လုံခြုံရေးအစီအမံများကိုလည်း စီစဉ်ဆောင်ရွက်ထားပြီး လုပ်ငန်းများစတင်ဆောင်ရွက် သည့်အခါ တက္ကသိုလ်အတွင်းသို့ တာဝန်ရှိသူများမှအပ ဝင်ရောက်သွားလာခြင်းအားလုံးကို တားမြစ် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• လူနာနှင့် လူနာမိသားစုများ အင်တာနက်ကွန်ရက်အသုံးပြု ချိတ်ဆက်ကာ Video Call ခေါ်ဆိုနိုင်ရန်အတွက် COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် အင်တာနက်ကွန်ရက်များ တပ်ဆင်ထားပြီး မိသားစုများချိတ်ဆက်နိုင်ရေးအတွက်လည်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် စီစဉ်ထားရှိပါကြောင်း၊

• လူနာများသယ်ယူပို့ဆောင်ရေးအတွက်ကိုလည်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (YRTA) မှ ယာဉ်များကို လူနာထားရှိရာ နေရာနှင့် ယာဉ်မောင်းတို့အကြား မှန်ချပ်ကာထားရှိသော ယာဉ်များ စီစဉ်ထားရှိပါကြောင်း၊
• ထို့အပြင် စေတနာ့ဝန်ထမ်းများမှလည်း လုပ်ငန်းများတွင် ပါဝင်ကူညီသွားမည်ဖြစ် ပါကြောင်း၊

• မိမိတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့ကို ပိတ်ဆို့မှုများပြုလုပ်သွားရန် အစီအစဉ်မရှိပါကြောင်း၊

• ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့်အညီ ကိုက်ညီစေရေး ချိန်ဆကာ အသင့်တော်ဆုံး ဖြစ်စေရေး ကြိုးပမ်းလုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၊ ပါမောက္ခချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဆေးတက္ကသိုလ် (၁)၊ ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး၊ အပူပိုင်းဆေးပညာဌာန၊ ပါမောက္ခ/ ဌာနမှူး၊ မေ့ဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး၊ အရေးပေါ်ဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး၊ မင်္ဂလာဒုံအထူးကုဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ပူးပေါင်းပံ့ပိုးမှုဖြင့် -

 

• ပထမအဆင့်အနေဖြင့် အထူးကြပ်မတ်ကုသဆောင် (ICU) ခုတင် (၂၀)၊ High Dependency Unit အဖြစ်အသုံးပြုနိုင်မည့် ခုတင် (၂၄၀)၊ လူနာခုတင် (၂၄၀)၊ စုစုပေါင်း ခုတင် (၅၀၀) စီစဉ်ထားရှိမည်ဖြစ်ပြီး၊

• ဒုတိယအဆင့်တွင် အထူးကြပ်မတ်ကုသဆောင် (ICU) (၄၀)၊ High Dependency Unit အဖြစ်အသုံးပြုနိုင်မည့် ခုတင် (၄၈၀)၊ လူနာခုတင် (၄၈၀)၊ စုစုပေါင်း ခုတင် (၁၀၀၀) နှင့်

• တတိယအဆင့်တွင် ခုတင် (၂၀၀၀) အထိတိုးချဲ့ ဆောင်ရွက်သွားမည့် အစီအစဉ်များ၊

• Green ဇုန်၊ Yellow ဇုန်၊ Red ဇုန်များခွဲခြား လုပ်ဆောင်မည့် အစီအစဉ်များ၊

• Oxygen Plant နှင့် အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်နေမှု၊

• ကုသမှုလုပ်ငန်းများအတွက် လိုအပ်သော အဆောက်အဦများကို ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန်ယူ ဆောက်လုပ်မွမ်းမံပြင်ဆင်ပေးနေမှု၊

• လူနာခုတင်များ၊ အသက်ရှူစက်များ၊ လူနာအခြေအနေစောင့်ကြပ်ကြည့်ရှုစက်များ အပါအဝင် ကုသမှုစက်ပစ္စည်းကိရိယာများကို ဆေးနှင့်ဆေးပစ္စည်လုပ်ငန်းရှင်များအသင်းနှင့် ပုဂ္ဂလိကဆေးရုံများအသင်းတို့၏ ပံ့ပိုးဌားရမ်းမှုများဖြင့် ရရှိဆောင်ရွက်ထားမှု၊

• ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများ မီးရှို့ဖျက်စီးရန် မီးရှို့စက်များကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်ထားရှိမှု နှင့်
• လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် တာဝန်ရှိသူများသည် ဆေးနှင့် ဆေးပစ္စည်း သိုလှောင်ရုံအဖြစ် အသုံးပြုမည့် နေရာ၊ လူနာဆောင်များ ပြင်ဆင်ထားရှိမှု၊ အထူးကြပ်မတ်ကုသဆောင်များ ပြင်ဆင်ထားရှိမှုနှင့် ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများ မီးရှို့ဖျက်ဆီးရန် မီးရှို့စက်များ ပြင်ဆင် ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

 

More Tags